မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇွန်လ ၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ ကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို-PDF ကနေသိရပါတယ်။
ပြည်သူတွေဆီကနေ ဆိုင်ကယ် ၃ စီးနဲ့ ပစ္စည်းတွေကို အဓမ္မသိမ်းယူလာကြတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေကို ဇီးကုန်းရွာနဲ့ ကုန်းတလင်းရွာကြားမှာ မနေ့ မနက် ၁၁ နာရီခွဲလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၈ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို-PDF တပ်ရင်း (၂) တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇက ပြောပါတယ်။
“သူတို့တွေကံဆိုးတာကတော့ မိုင်းပေါ်မှာတည့်တည့်ရပ်ပြီး ဘာလုပ်နေလည်းမသိဘူး။ ဆွဲထည့်လိုက်တာ ဆိုင်ကယ်သုံးစီးကတော့ မိုင်းကွဲလိုက်တဲ့ပေါက်ကွဲမှုကြားထဲမှာပဲ လွင့်ထွက်သွားပြီး ကားလည်းလမ်းဘေးကိုထိုးကျသွားတယ်။ အဲဒါကို လေ့လာစုံစမ်းလိုက်တော့ ဆင်ချောင်းရွာက ပျူစောထီးတွေအပါဝင် စစ်ကောင်စီဘက်က ၈ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့တယ်”။
မိုင်းဆွဲတိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာခဲ့တာကြောင့် ရေစကြိုPDFက ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိခဲ့ဘူးလို့ ပြောပါတယ်။
ဇီးကုန်းကျေးရွာနဲ့ ဆင်ချောင်းကျေးရွာကြားက လယ်ကြီးတံတာနားမှာလည်း မေ ၂၈ ရက် ကားတစီးနဲ့ ခေါက်တုန့်ခေါက်ပြန်သွားနေတဲ့ စစ်ကောင်စီတပ်သားတွေကိုတွေကို ရေစကြို PDF ကမိုင်း ၂ လုံးဆွဲပြီးတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို မေ ၇ ရက်ကစပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့လို့ ပြည်သူတွေရဲ့နေအိမ် ၁၅၀ ကျော် လောက်မီးလောင်ဆုံးရှုံးခဲ့ ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ မေ ၂၈ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NSP)က ပြောပါတယ်။
NSP ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဆိုင်မွန်က “ဆိပ်ဖြူ-ပေါက်လမ်းပိုင်းမှာ ဒီကနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် လောက်က စစ်(...)တွေမောင်းလာတဲ့ ကားတစီကို ကျနော်တို့ NSP က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးခဲ့တယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို တိုက်ပွဲတွေနဲ့ မိုင်းဆွဲခံရလို စစ်ကောင်စီတပ်ဖွဲ့တွေ ထိခိုက်သေဆုံးတဲ့အခြေနေတွေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပေမဲ့ NSP ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။
ဆိပ်ဖြူ-ကျောက်ကြီး လမ်းပေါ်မှာလည်း မေ ၁၁ ရက် မနက် ၁၁ နာရီလောက်က ရဲကား ၃ စီးကို NSP က မိုင်းဆွဲတိုက်ခိုက်ရာ ရဲ ၃ ယောက် နေရာမှာတင်သေဆုံးပြီး ၅ ယောက်လောက် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
NSP အနေနဲ့ ဘယ်လိုအခက်ခဲတွေရှိနေပါစေ ပြည်သူလူထုရဲ့ ခွန်အားတွေနဲ့ အကြမ်းဖက် စစ်ကောင်စီပြုတ်ကျတဲ့ အထိတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း မိဘပြည်သူတွေ အနေနဲ့လည်း တတ်နိုင်တဲ့နေရာကနေ ပူးပေါင်းပါဝင်ပေးကြဖို့နဲ့ စစ်အုပ်စုရဲ့ဒေါက်တိုင်တွေနဲ့ သူတို့နဲ့ နီးစပ်တဲ့နေရာတွေကို ရှောင်ရှားကြဖို့ကိုလည်း သတိပေးထားပါတယ်။