close

စစ်ကောင်စီတပ်ကြပ်ကြီး

close

January 25, 2023

ပုလော PDF က စစ်ကောင်စီတပ်ကြပ်ကြီးစာရေး ၁ ဦးကို ဖမ်းမိ၊ ကံပေါက်တွင် အမျိုးသား ၃ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာနဲ့ သင်္ကန်းတောကျေးရွာအကြား ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာ ဇန်နဝါရီ ၂၁ ရက် ညနေ ၄ နာရီလောက်က ခရီးသွားတွေကို စစ်ဆေးနေစဥ် စစ်ကောင်စီဆေးတပ်က တပ်ဖွဲ့ဝင်တဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူမှာ ဘုတ်ပြင်းမြို့ ခုတင် ၁၀၀ ဆံ့ အမှတ် ၁၈ တပ်မတော်ဆေးရုံက ကိုယ်ပိုင်အမှတ် တ-၃၅၂၈၂၅ တပ်ကြပ်ကြီးစာရေး သန်းဇော်ဦး ဆိုသူဖြစ်ပြီး ခရီးသည်ကားနဲ့ လိုက်လာစဥ် ဖုန်းကိုစစ်ဆေးရာ စစ်သံရုံးဝင်ခွင့်ဖြေဆိုထားတဲ့ အချက်အလက်တွေတွေ့လို့ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘီတူးက “သူက နေပြည်တော်က စစ်သံရုံးဝင်ခွင့်စာမေးပွဲဖြေပြီး ပြန်လာတာ။ စစ်တပ်ထဲကဆိုတာ သူကိုယ်တိုင်လည်း ဝန်ခံတယ်။ CDM ဝင်ဖို့ပြောတော့ ဝင်လို့ အဆင်မပြေဘူး ပြောတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ စစ်မှုထမ်းသက်တမ်း ၁၆ နှစ်ကျော်ရှိပြီဖြစ်ပြီး လက်ရှိမှာတော့ လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ပုလောမြို့နယ်၊ ကဒဲကျေးရွာနဲ့ သင်္ကန်းတောကျေးရွာအကြား ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာ ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြီးခဲ့တဲ့ ၃ ​လလောက်ကတည်းက စစ်ဆေးရေးဂိတ် ဖွ​င့်ထားပြီး သင်္ကန်းတောကျေးရွာမှာလည်း NUG လက်အောက်ခံ PDF တပ်ရင်းတခုရဲ့ စစ်ဆေးရေးဂိတ် ရှိတယ်လို့ သိရပါတယ်။

ထားဝယ်-မြိတ် ကားလမ်းမကြီးတလျှောက် ပုလောမြို့နယ်ထဲမှာ ခရီးသွားကားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မကြာခဏ စစ်ဆေးလေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်ကလည်း ခရီးသည်ကားပေါ်ပါလာတဲ့ ကော့သောင်းခရိုင် အကျဥ်းထောင်ဦးစီးမှူးတဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ စစ်ကောင်စီခန့် ကံပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်စိုးနဲ့ သူ့နောက်လိုက်တဦးအပြင် ဇာဒီရွာက အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ဦးအေးဟန်တို့ ၃ ဦး ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းက သူတို့ရဲ့ နေအိမ်နဲ့ ခြံတွေထဲမှာပဲ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရမှုကြောင့် ဦးအေးဟန် သေဆုံးသွားပြီး ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ တခြားတဦးကတော့ ဒဏ်ရာရသွားပြီး အုန်းပင်ကွင်းရွာက တပ်မတော်ဆေးရုံကို သယ်သွားပါတယ်။

ဇာဒီကျေးရွာက ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ဦးအေးဟန်ဟာ ဌာနဆိုင်ရာတွေနဲ့ နီးစပ်သူဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး မဟုတ်ပေမဲ့ မြေယာကိစ္စ၊ အုပ်ချုပ်ရေးကိစ္စတွေမှာ ပါဝင်စွက်ဖက်တာမျိုး ရှိတယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

ကံပေါက်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်စိုးကတော့ ဌာနဆိုင်ရာစာရေး အငြိမ်းစားဝန်ထမ်းဟောင်းတဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ကံပေါက်ကျေးရွာရဲ့ ဒုတိယမြောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။ ရပ်ရွာအမှိုက်သိမ်းစနစ်နဲ့ ရေပေးဝေရေးစနစ်ကို ရပ်မိရပ်ဖတွေဆီက သိမ်းယူပြီး သူ့ရဲ့မိသားစုဝင်တွေကို လုပ်ကိုင်ခွင့် ပေးထားတယ်လို့လည်း သိရပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်တွေအပြီး ကံပေါက်နယ်မြေရဲစခန်းမှာ မောရဝတီရေတပ်စခန်းက စစ်ကောင်စီတပ်သားတွေ DC ကား ၃ စီး၊ ကားအကြီးတစီးနဲ့ ရောက်ရှိနေတယ်လို့ ကံပေါက်ဒေသခံတွေက ပြောပါတယ်။

အခုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ် ဆိုတာကို ထုတ်ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။

ဇန်နဝါရီ ၂၄ ရက်ကလည်း ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့မှာ MRTV-4 သတင်းထောက်တဦးကို ကလိန်အောင်အခြေစိုက် PDF အဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။

15 hours Ago

June 20, 2022

သံတောင်မြို့ ၌ စစ်ကောင်စီ တပ်ကြပ်ကြီး ၁ ဦး စနိုက်ပါဖြင့် ပစ်ခတ်ခံရ

ကရင်ပြည်နယ်၊ သံတောင်မြို့ စာတိုက်ရုံးလမ်းဆုံမှာ ဇွန် ၂၀ ရက် မနက် ၁၀ နာရီလောက်က  လုံခြုံရေးအကြောင်းပြချက်နဲ့ ခရီးသွားပြည်သူတွေကို တားဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် တပ်ကြပ်ကြီးအဆင့်ရှိ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့တယ်လို့ သံတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ လမ်းပေါ်သွားလာနေတဲ့ ဒေသခံတွေ၊ ခရီးသွားပြည်သူတွေရဲ့ ကား၊ ဆိုင်ကယ်တွေနဲ့ ဖုန်းတွေကိုစစ်ဆေးရာမှာ ဆဲဆိုတာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အပြင် မတရားဖမ်းဆီးခံရမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံပြည်သူတဦးက “အပစ်ခံရလို့ သေတာတော့ကြားတယ်။ သူတို့က အထူးသဖြင့် ဆိုင်ကယ်တွေကို တအားစစ်တယ်။ ဒေသခံတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ စကားမပြောတတ်လို့ရှိရင် စစ်ဆေးမေးမြန်းတာက စိတ်ဒုက္ခရောက်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရပြီးနောက် အနီးပတ်ဝန်းကျင်ကို ပြန်လည်ရမ်းသမ်းပစ်ခတ်တဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးလောက်ဟာ ပစ်ခတ်မှုဖြစ်ပွားတဲ့အနီးက စာသင်ကျောင်းမှာ ဝင်ရောက်တပ်စွဲပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးနေသလို ဖမ်းဆီးမှုတွေပါ လုပ်ဆောင်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုသွားလာကြဖို့ သံတောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇွန် ၇ ရက် မနက် ၈ နာရီလောက်က သံတောင်မြို့နယ် စစ်ကောင်စီရဲ့ ၁၃ မိုင်တပ်စခန်းအတွင်း စနိုက်ပါနဲ့ပစ်ခတ်ခဲ့တဲ့အတွက် အရာရှိတဦးက သေဆုံးခဲ့ပါတယ်။

အလားတူမေ ၅ ရက် မနက် ၈ နာရီလောက်က သံတောင်မြို့ရဲစခန်းက ရဲတပ်ကြပ် စိုးဝင်ထိုက်နဲ့ ရဲတပ်သားတစ်ဦး အရပ်ဝတ် ဝတ်ဆင်ပြီး ဆိုင်ကယ်နဲ့ သံတောင်မြို့ဝင်ဂိတ်အလာ စိုက်ပျိူးရေးတံတားထိပ်အရောက် သံတောင်ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စောင့်ဆိုင်းပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးခဲ့ပါတယ်။

7 months Ago
Up