close

စစ်ကောင်စီတပ်စစ်ကြောင်း

close

September 27, 2022

သပိတ်ကျင်းတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲခံရပြီး အယောက် ၅၀ ကျော် သေဆုံး ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဖက်ရှည်ရွာနားမှာ စက်တင်ဘာ ၂၆ ရက် မနေ့ မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး အယောက် ၅၀ ကျော် သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဗိုလ်လင်းယုန်အဖွဲ့က ထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ်ကို စစ်ကြောင်းထိုးဖို့အတွက် လွန်ခဲ့တဲ့နှစ်ရက်က စစ်ကြောင်းသုံးကြောင်းနဲ့ လာရောက်ခဲ့ပြီး အဲဒီစစ်ကြောင်းတွေထဲက အင်အား ၇၀ ပါ စစ်ကြောင်းဟာ ဖက်ရှည်ရွာကို ကားနဲ့ရောက်လာတယ်လို့ ဆိုပါတယ်။ 

ပြီးတော့ သံပုရာချပ်လုပ်ကွက်ဆီကို ခြေလျင်လျှောက်လာတုန်း မိုင်းခွဲခဲ့တာလို့ ဗိုလ်လင်းယုန်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

မိုင်းကွင်းကိုကျော်သွားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဒုတိယမိုင်းကွင်းအရောက်မှာ ထပ်ပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ပထမမိုင်းကွင်းမှာ မိုင်း ၈ လုံးနဲ့ ဒုတိယမိုင်းကွင်းမှာ မိုင်း ၆ လုံး၊ စုစုပေါင်း မိုင်း ၁၄ လုံး ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၄ ယောက် သေဆုံးပြီး ၁၇ ယောက် ပြင်းထန်ဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

မိုင်းခွဲတိုက်ခိုက်အပြီး မနက် ၁၀ နာရီလောက်မှာ နာရေးကား ၄ စီးနဲ့ သေဆုံး၊ ဒဏ်ရာရသူကို လာရောက်သယ်ဆောင်ပြီး ကျောက်ကြီးစစ်ဆေးရုံကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်သားတွေထပ်ရောက်လာပြီး ဖက်ရှည်ကျေးရွာက လမ်းသွားလမ်းလာတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးခဲ့သလို ဖက်ရှည်ကျေးရွာကိုလည်း မီးရှို့မယ်လို့ ခြိမ်းခြောက်တာကြောင့် ရွာနေပြည်သူတွေ စိုးရိမ်​ကြောက်ရွံ့နေ​တယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုဟာ လက်ယက်ကုန်းဖြစ်စဉ်အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်တာဖြစ်ပြီး တိုက်ခိုက်အပြီးမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဗိုလ်လင်းယုန်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

4 mins Ago

May 25, 2022

ကသာမြို့နယ်၌ စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခံရပြီး ၇ ဦးသေ၊ ၇ ဦး CDM ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ရေနီကျေးရွာကနေ မိုးတားလေးဘက်ကို စစ်ကောင်စီ သင်္ဘောလုံခြုံရေးတွက် တက်လာတဲ့ ရှေ့ပြေးစစ်ကြောင်း မေလ ၂၅ ရက်က တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၇ ယောက်လောက် သေဆုံးသွားတယ်လို့ ဒေသခံ PDF တပ်ဖွဲ့ထံက သိရပါတယ်။

ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “တက်လာတဲ့ စစ်ကြောင်းကို မနက် ၈ နာရီ ဝန်းကျင်လောက်မှာ မြေနုကျွန်းကျေးရွာနားက ဘုရားကုန်းမှာ ကသာ (ပကဖ) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စကစ စစ်သားတွေကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်။ သူတို့(စကစ) ဘက်က ၇ ယောက်လောက် သေတယ်၊ ကျနော်တို့ဘက်က လက်နက်ကြီးထိလို့ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်” လို့ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်ဒဏ်ရာရတဲ့ အရေအတွက်နဲ့ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။ 

တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နောက်ဆုတ်ပေးခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်းနဲ့ သင်္ဘောသုံးစီးက အထက်ဘက်ကို ဆန်တက်သွားတယ်လို့ သိရပါတယ်။

အထက်ကို ဆန်တက်လာတဲ့ စကစ သင်္ဘောသုံးစီးကို 107 ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့ပေမဲ့ လွဲချော်ခဲ့တယ်လို့ သိရတယ်။

စစ်ကောင်စီ သင်္ဘောသုံးစီးဟာ မန္တလေးကနေ ကချင်ပြည်နယ်ကို လူအင်အားနဲ့ လက်နက် အင်အားတွေပို့ဖို့အတွက် တက်လာတဲ့ သင်္ဘောဖြစ်ပြီး မေလ ၁၇ ရက်တုန်းကလည်း ထီးချိုင့်မြို့နယ်ထဲမှာ တိုက်ခိုက်ခံခဲ့ရပါတယ်။

ကသာမြို့နယ်ထဲမှာ မေလ ၁၉ ရက်ကလည်း သင်္ဘောလုံခြုံရေးယူပေးတဲ့ စစ်ကောင်စီ တပ်သားတွေက အင်းရွာအုပ်စုထဲက ကျေးရွာသုံးရွာကို မီးရှို့ခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့်ပြည်သူ တယောက်သေဆုံးခဲ့ကာ ၇ ယောက် ဒဏ်ရာရှိခဲ့ပါသေးတယ်။

သင်္ဘောလုံခြုံရေးအတွက် မြစ်ဘေးဝဲယာ လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်သားတွေထဲကနေ CDM ပြုလုပ်လာတဲ့ ပြည်သူ့စစ်သား ၇ ယောက်ရှိလာပြီလို့လည်း ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

မေလ ၁၉ ရက်က ၅ ယောက်နဲ့ မေလ ၂၄ ရက်က ၂ ယောက် စုစုပေါင်း စစ်ကောင်စီတပ်သား  ၇ ယောက် အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်လာတာဖြစ်ပြီး လက်နက်တွေတော့ ပါမလာဘူးလို့ ကသာ PDF တပ်ဖွဲ့က ပြောပါတယ်။

CDM လုပ်လာတဲ့ ပြည်သူ့စစ်သားတွေကို ကသာပြည်သူ့ရင်ခွင်ကော်မတီကနေတဆင့် လွတ်မြောက်နယ်မြေကို ပို့ဆောင်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

4 months Ago
Up