မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေမှာ မေလ ၇ ရက်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ ကနေ သိရပါတယ်။
ပေါက်မြို့နယ်၊ အုန်းတောရွာနားမှာ မေလ ၇ ရက် မနက် ၆ နာရီခွဲလောက်က အဖွဲ့ ၂ ဖွဲ့ခွဲပြီး အင်အား ၄၀ လောက်နဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို အုန်းတောရွာ လမ်းမကြီးဘေး မဲဇလီတန်း အနောက်ဘက်မှာ မိုင်း ၁၆ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃ ယောက် ပွဲချင်းပြီးသေဆုံးကာ ၆ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး မနက် ၉ နာရီ ၄၀ မိနစ်လောက်မှာ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေ အပါအဝင် စစ်သားတွေနဲ့ ပျူစောထီးတွေကို ကားတစီးနဲ့ လာတင်ပြီး ပေါက်မြို့ဘက်ကုိ မောင်းနှင်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
“အဲဒီစစ်ကြောင်းဟာ အင်အား ၅၀ လောက်ထပ်တိုးပြီး အုန်းတောရွာ အနောက်ဘက်မှာ ကင်းပုန်းဝပ်နေလို့ ည ၇ နာရီလောက်မှာ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်” လို့ ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပေါက်မြို့နယ် ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်မြို့နယ် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် မြိုင်မြို့နယ် ကန်နီ ပျူစောထီးရွာကိုလည်း မေလ ၇ ရက် မနက် ၁၀ နာရီလောက်ကနေ ညနေ ၃ နာရီအထိ ဒရုန်းနဲ့ မီးလောင်ဗုံး အလုံး ၂၀၊ အီနာဂါဗုံးသီး အလုံး ၄၀ ဖြုတ်ချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁ ယောက်နဲ့ ပျူစောထီး ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ကန်နီရွာက စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေ မေလ ၅ ရက်နေ့မှာ မကျည်းလေးပင်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့လို့ ပြည်သူတွေရဲ့ နေအိမ် ၁၇ လုံးလောက် မီးလောင်ကျွမ်းခဲ့တဲ့အတွက် လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
“အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၁ ဒရုန်းတပ်စိတ်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်(...)၊ ပျူ(...)တွေအနေနဲ့ အသိတရားရရှိဖို့၊ အကြောက်တရားနဲ့ စိုးရိမ်ပူပန်မှုတွေ နေ့စဥ် ခံစားနေအောင် ရည်ရွယ်ကာ တိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပြီး ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမ ရှိခဲ့ဘူး” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မကွေးတိုင်း၊ မင်းလှမြို့နယ်မှာ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ယောက် သေဆုံးကာ ၅ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ မကွေးတောင်ပိုင်း-PDF ကနေ သိရပါတယ်။
အထက်မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာကို ကား ၃ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၈၀ လောက်ကို မနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက် ၉ နာရီ မိနစ် ၄၀ လောက်မှာ လက်နက်ငယ်တွေနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ SMPDF ရဲ့ တာဝန်ခံ ဗိုလ်နဂါးနီက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီစစ်ကြောင်းကို အစပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ဖို့ စီစဥ်ထားပေမဲ့ မိုင်းနားကို ရောက်မလာလို့ ကားပေါ်ကဆင်းတဲ့အချိန်မှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၇ ယောက်လောက် ထိမှန်ကာ ၂ ယောက် ပွဲချင်းပြီးသေဆုံးပြီး ၅ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်။”
အဲဒီတိုက်ခိုက်မှုကို ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-UMHPDF၊ အရှိုချင်းကာကွယ်ရေးတပ်-ACDF တို့နဲ့အတူ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။
အထက်မင်းလှမြို့နယ်မှာ ဇန်နဝါရီ ၂၄ ရက် မနက်ကလည်း စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-SMPDF ကနေ သိရပါတယ်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းက ပျူစောထီးစခန်းတခု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ပခုက္ကူခရိုင် အမှတ်-၁၀ တပ်ရင်း၊ တပ်ခွဲ-၂ သွေးသောက်တော်လှန်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာ ပျူစောထီးစခန်းကို ဖေဖော်ဝါရီ ၁၉ ရက် မနက် ၈ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ သွေးသောက်တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်ပန်က ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီတိုက်ခိုက်မှုကို သွေးသောက်တော်လှန်ရေးတပ်ဖွဲ့ရဲ့ လက်ရုံးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး သူတို့ဘက်ကလည်း ရမ်းကားပစ်ခတ်ပေမဲ့ ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။ မင်းရွာကျေးရွာမှာ ပြီးခဲ့တဲ့ ၇ လလောက်ကတည်းက စစ်ကောင်စီတပ်သားတွေ အင်အား ၇၀ လောက်နဲ့ အထိုင်ချ တပ်စွဲထားကာ ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေရဲ့ အဖိုးတန်လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေကို ခိုးယူတာတွေ၊ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ကြတယ်။”
ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာမှာ ဖေဖော်ဝါရီ ၈ ရက် ညကလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ်-၁၀ တပ်ရင်း၊ တပ်ခွဲ-၂ သွေးသောက်တော်လှန်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။