close

စစ်ကောင်စီတပ်သား ၁၀ ဦး သေ

close

September 25, 2021

ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စက်တင်ဘာ ၂၅ ရက် ဒီနေ့ မနက် ၈ နာရီ ၄၅ မိနစ်လောက်ကနေ ည ၇ နာရီအထိ တနေကုန်းနီးပါး  စစ်ကောင်စီတပ်တွေနဲ့ ဒီးမော့ဆို PDF၊ KNDF၊ K.A တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ နှစ်ဖက် ထိခိုက်အကျအဆုံးရှိခဲ့ပါတယ်။

ဒီနေ့ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာနဲ့ ကျောက်ဆည်ကန်တွေမှာ နှစ်ဘက်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က  ၁၀ ဦး သေဆုံးတာ အတည်ပြုနိုင်တဲ့အကြောင်းနဲ့    ကုန်းသာကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် ပြည်သူတွေရဲ့ နေအိမ်တချို့ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ KNDF ကသတင်းထုတ်ပါတယ်။

ပြည်သူကာကွယ်ရေးတပ်ဘက်ကလည်း   တဦး ကျဆုံးခဲ့တယ်လို့ KNDF  တပ်ဖွဲ့ကပြောပါတယ်။

KNDF ပြောခွင့်ရသူတစ်ဦးက “”ကုန်းသာမှာ စကစက လူထုအိမ်လေးလုံး အကြောင်းမဲ့ မီးရှိုတယ်။ ကုန်းသာရွာမှာ စကစ  အိမ်မဖောက်တာ တစ်လုံးမှမရှိဘူး။  ကျောက်ဆည်ကန်မှာ ရဲဘော် တစ်ဦးကျတယ်။”လို့ပြောပါတယ်။ 

ဒီးမော့ဆိုအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ အခု ညပိုင်းအထိ  လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ရမ်းသန်းပစ်ခတ်နေကြောင်း ထုတ်ပြန်ပါတယ်။

ဒါအပြင်  ကုန်းသာနဲ့ သေးဆူလဲကျေးရွာမှာလည်း  စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားပြီး အဆိုပါကျေးရွာအတွင်းရှိ နေအိမ်တွေကိုပါ မီးရှိုဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

ရှေ့တန်းရောက်နေတဲ့ ပြည်သူ့ဘက်တော်သား တပ်တွေ အကျအဆုံးမရှိစေဖို့ နောက်တန်းမှာ ကျန်တဲ့ တပ်သားတွေကလည်း  ဆုတောင်းမေတ္တာပို့ပေးနေကြောင်းလည်း PKPF ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။ 

တိုက်ပွဲဖြစ်ပွားနေစဉ် ဒီကနေ့ မွန်းလွဲပိုင်းကလည်း ကုန်းသာကျေးရွာမှာ ဒေသခံတွေရဲ့ကားလို့ယူဆရတဲ့ အဖြူရောင်းကားတစ်စီး လမ်းပေါ်မှာ ပစ်ခတ်ခံရကြောင်း ဒေသခံတွေက ပြောဆိုပေမဲ့ အဆိုပါကားတွင်းက လူတွေ ထိခိုက်ဒဏ်ရာရတာ ရှိမရှိတော့ မသိရသေးပါဘူး။

ဒီကနေ့ည ၈ နာရီခွဲလောက်မှာ လည်းလွိုင်ကော်မြို့ပေါ် ပစ်ခတ်သံတွေ ကြားနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ 

ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ မေလကစလို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး တိုက်ပွဲပေါင်း ၇၀ ကျော်ရှိနေပြီလို့ ဒေသကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်ထားပါတယ်။

အခုစက်တင်ဘာလထဲမှာ တကျော့ပြန် တိုက်ပွဲတွေ နေ့စဉ် ဖြစ်လာပြီး တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့နယ်က ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရကာ ဒီကနေ့အထိ ကရင်နီ(ကယား) ပြည်နယ်မှာ တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူ တသိန်းကျော်ရှိနေပါတယ်။

Photo-KNDF

7 mins Ago
Up