close

စစ်ကောင်စီတပ် မိုင်းဆွဲခံရ

close

November 30, 2021

မင်းကင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ဒီပဲယင်းနှင့် ဝက်လက်က နေအိမ်အချို့ကို စစ်တပ်က မီးရှို့ပြီး ပစ္စည်းများယူ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အတွင်း ဒီနေ့မနက်ပိုင်းက စစ်​ကောင်စီတပ်နဲ့ ပျူ​စောထီးအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒီပဲယင်းနဲ့ ဝက်လက်မြို့နယ်တို့မှာ ဒေသခံတွေရဲ့ နေအိမ်အချို့ကို စစ်တပ်က မီးရှို့ပြီး ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ရိုး​အောက်​ဒေသ​တွေမှာ စစ်​ကြောင်းထိုး​မွှေ​နှောက်​နေတဲ့ စစ်​ကောင်စီတပ်နဲ့ပျူ​စောထီးအဖွဲ့များကို ​ဒီ​နေ့မနက် ၆ နာရီ​ကျော်​လောက် မင်းကင်းဒေသခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်​ကောင်စီတပ်နဲ့ပျူ​စောထီးအဖွဲ့​တွေကို ဖက်ခက်​ကျေးရွာမှာ မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အတုံးအလုံးလဲကျသွားကာ ​နောက်ပြန်ဆုတ်​ပြေးသွားကြကြောင်း၊​ မိုင်း ၄ လုံးလုံး ​ပေါက်ကွဲခဲ့တာ​ကြောင့် ၁၀ ဦး ထက်မနည်း ကျဆုံးနိုင်တယ်လို့ PDF ​ခေါင်း​ဆောင်က ​ပြောပါတယ်။

မင်းကင်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်တွေကလည်း ​စစ်​ကောင်စီတပ်ဖွဲ့နဲ့ ပျု​စောထီးတပ်ဖွဲ့​တွေ ဒေသခံ PDF အဖွဲ့တွေရဲ့ တိုက်ခိုက်ခဲ့ရတာ​​တွေရှိပြီး ထိခိုက်ကျဆုံးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒီနေ့မနက် ၉ နာရီလောက်ကလည်း ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ကျေးရွာအတွင်း မီးရှို့နေတာ‌တွေ ပြုလုပ်ခဲ့တယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။

"လူတွေကတော့ အကုန်ထွက်ပြေးနေရတယ်။ မနက် ၉ နာရီခန့်က မီးခိုးတွေ ထွက်လာတာ တွေ့ရတာ။ ဘာတွေရှို့နေတယ်တော့ မသိရသေးဘူး။ ဒါသတ်သတ် လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတာ။ ကျနော်တို့လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတာဆိုတော့ အဝေးကနေပဲ ရွာအတွင်းက မီးခိုးထွက်နေတာမြင်ရတာပဲဗျ။”

ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၇ ရက်နေ့က စတင်ကာ လေကြောင်းပစ်ကူတာတွေ၊ ခြေလျင်တောနင်းရှာဖွေတာတွေနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာ ရှောင်တိမ်းနေရကာ ဆေးဝါးနဲ့ အနွေထည်၊ ခြုံစောင် စတဲ့ အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်၊ သမရိုးကျေးရွာက တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်အချို့နဲ့ဈေးဆိုင်အချို့ကိုလည်း နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်‌အင်အား ၅၀ လောက် ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးရှိပစ္စည်းတွေ ယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“စစ်အာဏာဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေရဲ့နေအိမ်နဲ့ စတိုးဆိုင်တွေကို စီးနင်း ရှာဖွေကြတယ်။ နောက်အိမ်ထဲက ငွေသားနဲ့တန်ဖိုးရှိ ပစ္စည်းတွေယူသွားကြတယ်၊ သိန်း ၅၀ ဖိုးလောက်တော့ရှိတယ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ နေအိမ်တွေက ကွန်ပျူတာ၊ ဖုန်း အစရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေ ယူဆောင်သွားတဲ့အပြင် နေအိမ်အချို့ကိုလည်း ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း ဝက်လက်မြို့နယ် သစ်ဆိမ့်ကျေးရွာကနေအိမ်အချို့ကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

1 min Ago
Up