close

စစ်ကောင်စီတပ် မီးရှို့

close

November 19, 2021

ဂန့်ဂေါမြို့နယ် ကန်ရွာက နေအိမ်အချို့ကို စစ်ကောင်စီတပ် မီးရှို့၊ နေအိမ် ၅ လုံး ဆုံးရှုံး

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကန်ရွာကို နိုဝင်ဘာလ ၁၈ ရက်နေ့မှာ စစ်ကောင်စီရဲ့ လက်ပါးစေ ရဲနဲ့စစ်သားတွေက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာကြောင့် နေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ် ကန်ရွာမှာ မနေ့က မနက်ပိုင်း မီးရှို့ ဖျက်ဆီးတာကြောင့် ပြည်သူတွေနဲ့ နေအိမ် ၅ လုံးနဲ့ ဆိုင်ကယ် တစ်စီး မီးလောင်ဆုံးရှုံးခဲ့ရသလို မွေးမြူထားတဲ့ နွားတစ်ကောင်လည်း မီးလောင်ပြီး သေဆုံးခဲ့ပြီး နေအိမ်တစ်လုံးကိုလည်း ဖျက်ဆီးသွားတယ်လို့ ဒေသခံတစ်ယောက်က DVB ကို ပြောပါတယ်။

“ကန်ရွာရဲစခန်းမှာ ရဲစစ်စစ်က ၇ ယောက်လောက်ပဲရှိတာဗျ။ ကျန်တာတွေက စစ်ခွေးတွေ လာရောက်တပ်စွဲထားတာဖြစ်ပြီးတော့ ပြည်သူတွေရဲ့နေအိမ်တွေကို သေနတ်တွေနဲ့ ရမ်းသမ်း ပြီးတော့ ပစ်ခတ်နေကြတာ။”

အကြမ်းဖက်စစ်အုပ်စုတွေဟာ ဒီကနေ့ မနက် ၄ နာရီလောက်ကတည်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်နေပြီးတော့ မနက် ၇ နာရီကျော်လောက်မှာ ရဲစခန်းရှေ့ကနေ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ အော်ဟစ်အသိပေးပြီး ဆက်တိုက်ပစ်ခတ်နေတယ်လို့ ပြောပါတယ်။

ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေက ပစ္စည်းတွေကိုလည်း အကြမ်းဖက်စစ်အုပ်စုတွေက ဒီကနေ့မနက်ပိုင်းမှာ ကား ၂ စီးနဲ့ စိတ်ကြိုက် သယ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကန်ရွာရဲစခန်းက ဒုရဲအုပ်တစ်ယောက်နဲ့ရဲတပ်သား တစ်ယောက်ဟာ မနေ့ကမနက်ပိုင်းမှာ ဘန်ကာလုပ်ဖို့အတွက် ဆိုင်ကယ်နဲ့ ဆာလာအိတ်ထွက်ဝယ်ရာမှာ ဂန့်ဂေါ PDF က ပစ်ခတ်ခဲ့လို့ ရဲတပ်သား တစ်ယောက်သေဆုံးပြီးတော့ ဒုရဲအုပ်က ဒဏ်ရာနဲ့ ထွက်ပြေး လွတ်မြောက်သွား တယ်လို့ သိရပါတယ်။

6 mins Ago

August 10, 2021

ဒီပဲယင်းမြို့နယ် ကျေးရွာနေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့၊ ရွာသား ၃ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မြင်းတန့်ကျေးရွာအတွင်း သြဂုတ် ၁၀ ရက်နေ့ မနက် ၇ နာရီခွဲလောက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လူ ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်တွေဟာဩဂုတ် ၉ ရက်နေ့က တိုက်နက်ရွာမှာ စခန်းချပြီး ဒီ နေ့မနက် မြင်းတန့်‌ကျေးရွာကို ရောက်လာပြီး နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားတာလို့ ရွာသားတဦးက ပြောပါတယ်။

“ကျနော်တို့ရွာသားတွေကတော့ ဘေးလွတ်ရာကို ရှောင်နေရတယ်ပေါ့ဗျာ။ သူတို့အင်အား ၆၀ လောက်ရှိမယ်ဗျ။ ဒီကောင်တွေ ရွာထဲရောက်တယ်ဆိုတာနဲ့ ကျနော်တို့ မြင်းတန့်ကျေးရွာ အနောက်ပိုင်းက ဦးဖိုးပြားနေအိမ်ကို မီးရှို့တယ်။ နောက်ပြီး ရွာအလယ်ပိုင်းက အိမ်ကိုလည်း မီးရှို့တယ်လို့ထင်ရတယ်ဗျ။ ရွာထဲကနေ မီးခိုးတွေထွက်လာတယ်ဗျ။‌” 

စစ်ကောင်စီတပ်က ရွာသား ၃ ဦးကိုလည်း လက်ပြန်ကြိုးတုပ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွာသား နောက်တဦးက ပြောပါတယ်။

“ရွာထဲက ပြည်သူ ၃ ဦးကို မနက်ကတည်းက ဖမ်းဆီးထားတယ်။ သေနတ်တွေ အချက် ၁၀ ချက်လောက် ဖောက်နေတယ်။”  

ဒီနေ့ မွန်းတည့်အချိန်ထိ စစ်ကောင်စီတပ် ရွာထဲကနေ မထွက်သေးတဲ့အတွက် ဒေသခံတွေ ရွာထဲ ပြန်မလာရဲသေးလို့ ပျက်စီးဆုံးရှုံးမှုစာရင်းကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်း ဩဂုတ် ၈ ရက်နဲ့ ၉ ရက်တွေမှာ စစ်ကောင်စီတပ်တွေက  ညောင်လှကျေးရွာ၊ မရကန်ကျေးရွာ၊ ဝဲကြီးကျေးရွာ၊ နများကျေးရွာ၊ မူးရိုးကုန်းကျေးရွာအပါအဝင် ရွာပေါင်း ၁၀ ရွာလောက်ကို ဝင်ရောက်ရှာဖွေ ဖျက်ဆီးခဲ့တာကြောင့် ရွာတစ်ရွာကို သိန်းရာချီ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

3 months Ago
Up