ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်နဲ့ ARSA အဖွဲ့တို့ ဖေဖော်ဝါရီ ၄ ရက် ဒီနေ့မနက်ကစပြီး တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ နယ်ခြားစောင့်တပ်တာဝန်ရှိသူက ပြောပါတယ်။
နယ်ခြားစောင့်ရဲအရာရှိ တယောက်က "ဒီနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ နယ်ခြားမှတ်တိုင် ၄၃ နဲ့ ၄၄ အနီးမှာ ARSA အဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၆)နဲ့ ထိတွေ့ပြီးနာရီဝက်လောက် တိုက်ပွဲဖြစ်ခဲ့ကြတယ်။ အခုတဖန် ခမောင်းဆိတ်မြို့နယ် ငါးရံ့ချောင်းကျေးရွာအနီးမှာ နေ့လယ်ပိုင်း ၂ နာရီကျော်လောက်မှာ နောက်တစ်ကြိမ်တိုက်ပွဲဖြစ်ကြတာရှိတယ်။"လို့ ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာ မိုင်တိုင် ၄၃ နဲ့ ၄၄ မှာတိုက်ပွဲဖြစ်ပြီး နေ့လယ်ပိုင်းမှာတော့ ခမောင်းဆိတ်အနားက ငါးရံ့ချောင်းကျေးရွာဟောင်းဘက်မှာတိုက်ပွဲဖြစ်ကြတာလို့ ခမောင်ဆိတ်ဒေသခံတယောက်က ပြောပါတယ်။
တိုက်ပွဲ နှစ်ကြိမ်လုံးမှာ မောင်တောမြို့နယ် အင်းဒင်အခြေစိုက်နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၆)တပ်ဖွဲ့ဝင်တွေနဲ့ ARSA အဖွဲ့တို့တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး အထိအခိုက်အကျအဆုံး မရှိဘူးလို့လည်း သိရပါတယ်။
ငါးရံ့ချောင်းရွာဟာ အရင်က အိန္ဒိယခွဲထွက်ရေးမဏိပူရ်နယ်မှ ကသဲလူမျိုးတွေနေထိုင်ခဲ့ကြတဲ့ ကျေးရွာဟောင်းတစ်ခုဖြစ်ပါတယ်။
၂၀၁၇ အကြမ်းဖက်မှုတွေဖြစ်ပွားပြီးနောက် ငါးရံ့ချောင်းကျေးရွာရှိ ကသဲလူမျိုးတွေက မင်းခမောက်ကျေးရွာအနီးသို့ နေရာပြောင်းရွေ့သွားကြတဲ့အတွက် လက်ရှိ နယ်ခြားစောင့် တပ်စခန်းသာရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း မောင်တောမြို့နယ်မှာ စစ်တပ်နဲ့ ARSA တို့တိုက်ပွဲဖြစ်ပွားခဲ့သလို ဒီဇင်ဘာလတုန်းကလည်း ခုံတိုင်ကျေးရွာသား ၂၀ ကျော် တောထဲ ဝါးသွားခုတ်သွားချိန်မှာ ARSA က သေနတ်နဲ့ပစ်ခတ်လို့ ကျေးရွာသား တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
အခုလို ၂၀၂၂ ခု နှစ်ဆန်းပိုင်း ဇန်နဝါရီကစပြီး ARSA အဖွဲ့ခေါင်းဆောင်တွေအပါအဝင် အင်အား ၅၀ ကျော်လောက်ရှိတဲ့ တပ်ဖွဲ့ဝင်တွေ လက်နက်အပြည့်အစုံနဲ့ စစ်ရေးလှုပ်ရှားတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုဖိုင်အွန်လိုင်းပေါ်ထွက်ပေါ်လာခဲ့ပြီးနောက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။