ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ဇင်းဘုံရွာအနီးမှာ သြဂုတ် ၇ ရက်နေ့ မနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တနာရီနီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗန်းမော်-ရွှေကူ ခရီးသွားတွေနဲ့ ယာဥ်တွေ သွားလာမှု ရပ်ဆိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တိုက်ပွဲဖြစ်တာဟုတ်တယ်၊ လွန်ခဲ့တဲ့ ၆ ရက်နေ့ကလည်း တိုက်ပွဲ နာရီ၀က်နီးပါးလောက်ဖြစ်သွားတယ်၊ ရွာနားမှာပဲ။ စင်းခန်းဘက်ကနေ စစ်သားတွေ ၂၀၀ ကျော်လောက်ရှိမယ် ဆင်းလာကြတာ။ အခုရွာကလူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။ လမ်းမကြီးဘေးက အိမ်တချို့ကို စစ်ကောင်စီတက်ဖွဲ့၀င်တွေ မီးရှို့သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်ပွားတဲ့ နေရာဟာ ဧရာ၀တီဒုတိယမြစ်ကျဥ်းအနီးနဲ့ မန္တလေး၊ ဗန်းမော်မိန်းလမ်းမကြီးမှာ ဖြစ်ပြီး အခုချိန်ထိ စစ်ကောင်စီ၀င်တွေနဲ့ PDF၊ KIA ပူးပေါင်းတပ်တွေ ကင်းပုန်းတွေချ စစ်ဆေးတာတွေ ရှိနေပြီး သွားရလာရခက်ခဲနေတယ်လို့ ယာဥ်မောင်းတဦးက ပြောပါတယ်။
“စစ်ကောင်စီက ကောင်တွေက စစ်ဆေးရေး တင်းကြပ်ထားပြီး တချို့ကိုတော့ ဖြတ်ခိုင်းတယ်။ PDFတွေကတော့ အန္တရာယ်များလို့ မဖြတ်ခိုင်းပါဘူး၊ တိုက်ပွဲအခြေအနေကြောင့်။”
နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်မှု အခြေအနေကိုတော့ သ တင်းထုတ်ပြန်ထားတာ မတွေ့ရှိရသေးပါဘူး။ အခုရက်ပိုင်းအတွင်း ကသာ၊ ဗန်းမော်လမ်းပိုင်း ရွှေကူမြို့နယ် တလျှောက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့မှာ မန္တလေးကနေ သင်္ဘောအချို့နဲ့ လက်နက်တွေ တင်ဆောင် တပ်ဆင်လာပြီး ဧရာ၀တီမြစ်ကြောင်းအတိုင်း ဗန်းမော်ကို ဆန်တက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၈ ရက် ဒီနေ့မှာတော့ ယာဥ်တွေ အသွားလာရှိနေပေမယ့် နှစ်ဖက်တပ်ဖွဲ့တွေ စစ်ရေး တင်းမာနေတာကြောင့် အသွားအလာပါးနေတယ်လို့ ဆိုပါတယ်။
ဒီနှစ်အတွင်းကပုံဟောင်းကိုအသုံးပြုထားပါသည်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတို့ ဒီဇင်ဘာ ၅ ရက်နေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
KIA တပ်မဟာ ၆ နယ်မြေအတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ စကခ - ၁၇ အောက် ခမရ - ၃၃၂ နဲ့ KIA တပ်မဟာ ၆ ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖွန်းပြန်ယန်အထက်က လက်ဝါးကားတိုင် တောင်ကုန်းပေါ်မှာ မနေ့မနက် ၁၀ နာရီ ခွဲလောက်ကနေ ည ၁၀ နာရီ ခွဲလောက်အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက “ခုည ဆယ်နာရီ တောင်ခွဲတော့မယ်။ ရွာကနေ လက်နက်ကြီး ပစ်နေတာ ၈ ကြိမ်လောက်ရှိပြီ။ အိပ်နေတာ လန့်နိုးသွားတယ်။ ဖွန်းပြန်ယန်ဘက်လို့ ပြောတယ်။ နေ့လယ်ကလည်း ရွာကနေ လက်နက်ကြီး ပစ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကို အတိအကျ မသိရပေမယ့် ထိခိုက်ဒဏ်ရာရမှု များလာတာကြောင့် အင်အားထပ်ဖြည့်လာတဲ့အပြင် မိုင်ဖန်ရွာနဲ့ ၁၀၅ မိုင်ဘက်ကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ကူနေကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဘယ်လောက် သေဆုံး ဒဏ်ရာရတာတော့ အတိအကျ မသိရသေးဘူး။ စစ်ကြောင်းမှူး ထိခိုက်ဒဏ်ရာရတယ်။ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရမှု များလာလို့ မိုင်းယု ၁၀၅ မိုင်နဲ့ မိုင်ဖန်ရွာကနေ နေရာအနှံ့စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတယ်။”
ဇန်နဝါရီ ၄ ရက်နေ့ မနက် ၇ နာရီလောက်ကစပြီး နောင်ချိုရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ထမင်းဟင်းချက်စားနေချိန် KIA တပ်မဟာ ၆ ပူးပေါင်းတပ်က လက်နက်ကြီးပစ်ခတ်ထိုးစစ်ဆင်ခဲ့ပြီး ဖွန်းပြန်ယန်ဘက် စစ်ကောင်စီတွေ ပေါ်လာလို့ မွန်းတည့် ၁၂ နာရီကနေ ၁၂ နာရီခွဲအထိ နာရီဝက်ကြာ ၁ ကြိမ်၊ မွန်းလွဲ ၁ နာရီကစ ၁ ကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် KIA တပ်မဟာ ၆ နယ်မြေ၊ မန့်ကန်တောင်အနီး မုံးလီရွာအထက်တောင်ကုန်းပေါ်မှာ စစ်မျက်နှာ သုံးဖက်ကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KIA တပ်မဟာ ၆ တို့ အကြား ဇန်နဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲခန့်ကစ ၅ ကြိမ်တိုင် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ KIA တပ်ဖွဲ့ဝင်က ပြောပါတယ်။
ရွာဘက်ကနေ စစ်ကောင်စီက လက်နက်ကြီး ပစ်ကူနေတာကြောင့် တိုက်ပွဲထပ်မံပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်ကြောက်လန့်နေကြပါတယ်။
"စစ်တပ် အမြှောက်ပစ်နေတဲ့ နေရာကို ဟိုဘက်က လာပစ်ပြီး တိုက်ပွဲ အခြေအနေပိုဆိုးလာမှာကြောက်တယ်" လို့ ဒေသခံ နောက်တစ်ဦးက ပြောပါတယ်။
အဲဒီဒေသမှာ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး အသေးစားပစ်ခတ်မှုကလွဲလို့ တိုက်ပွဲ မဖြစ်တာ ၁ နှစ်ဝန်းကျင်ကြာပြီ ဖြစ်ပေမယ့် လတ်တလောအခြေအနေအရ KIA တပ်မဟာ ၆ ထိန်းချုပ်နယ်မြေမှာ နှစ်ဘက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဒေသမှာ စစ်ကောင်စီ၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်၊ KIA တပ်မဟာ ၆ တပ်ရင်း ၃၆၊ ကိုးကန့်တပ်ဖွဲ့ MNDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ မြောက်ပိုင်း မဟာမိတ်ညီနောင်အဖွဲ့တို့ လှုပ်ရှားရာနေရာဖြစ်ပါတယ်။