မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ အရာရှိတယောက်အပါဝင် ၃ ယောက်သေဆုံးပြီး ၆ ယောက်လောက်ဒဏ်ရာရရှိခဲ့တယ်လို့ စကြာ-ဒေသကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
မြိုင်မြို့နယ် သရက်ကန်ရွာက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို မနေ့ညနေပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သေနတ်သံပေးပြီး မျှားခေါ်ကာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁)၊တပ်ခွဲ(၄) စကြာဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံ ဗိုလ်စကြာက ပြောပါတယ်။
အဲဒီစစ်သားတွေနဲ့ပျူတွေဟာ ဆိုင်ကယ် ၂ စီးကား ၂ စီးအပြင် ခြေလျင်အင်အား ၃၀ လောက်နဲ့ ထွက်လာတဲ့အချိန် တိုက်မိုင်း ၄ လုံး၊ထောင်မိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်လိုက်လို့ ဆိုင်ကယ် ၂ စီးတိုက်မိုင်းမိသွားတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတယောက်၊ တပ်ကြပ်ကြီးတယောက်နဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင်ဝင်းချိန်တို့ ၃ ယောက်သေဆုံးကာ ၆ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်စကြာကပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့၊ MUGDF၊ TYKပြောက်ကျားတပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့တို့နဲ့ အတူပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် စစ်ကောင်စီရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ချောင်ဦး လဝကရုံးတို့ကို မဟာမိတ်တပ်တွေက ပစ်ခတ်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုလဲမြို့ပေါ် ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီ ၂၇ ရက်ည ၉ နာရီက သခင်ဒေါင်းညို၊ ဗိုလ်ဂဠုန်၊ကို စိုင်း(ရိုးမရာဇာ)၊ မုဆိုးလေးအဖွဲ့နဲ့ မဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဒေသခံကာကွယ်အဖွဲ့ခေါင်းဆောင်တွေက ဒီဗွီဘီကို ပြောပါတယ်။
ပုလဲဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ဂဠုန်က “မြို့ရဲ့အတွင်းထဲအထိ ဝင်ပစ်ခဲ့တာ။ မြို့ထဲဝင်ဖို့ရာ ကျနော်တို့ ညနေ ၆ နာရီလောက်ကတည်းက အခြေအနေ စောင့်ကြည့်ကင်းထောက်လှမ်းတာတွေ လုပ်ရတယ်။ အခြေအနေပေးပြီဆိုတာနဲ့ ဝင်ရောက်ပစ်ခတ်တာတွေ လုပ်ခဲ့တယ်ဗျ။ ဒီနေ့အတွင်း သတင်းပြန်ကြားရတာက ရဲသား ၂ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့တော့ သတင်းပြန်ကြားရတယ်။ ကျနော်တို့ဘက်ကတော့ အလစ်ဝင်တိုက် ပစ်ဆုတ်ဆုတ်တာကြောင့် ထိခိုက်ဒဏ်ရာရှိသူ မရှိခဲ့ဘူး” လို့ ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း တော်လှန်ရေးအင်းအားစုတွေက စစ်ကောင်စီစခန်းတွေကို ဇန်နဝါရီလအတွင်း ခပ်စိပ်စိပ် တိုက်ခိုက်စခန်းတွေသိမ်းနေသလို စစ်ကောင်စီဘက်ကလည်း ကျေးရွာ ၇ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တော်စီကျေးရွာ ရှမ်းနီအမျိုးသားတပ်မတော် SNA ဂိတ်စခန်းကို ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းက ခန္တီးခရိုင် တပ်ရင်း(၁)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ခန္တီးခရိုင် အမှတ်-၁ တပ်ရင်းက ဇန်နဝါရီ ၂၉ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ခန္တီးခရိုင် အမှတ်-၁ တပ်ရင်း-ဟုမ္မလင်း တာဝန်ရှိသူက "ခန္တီးခရိုင် အမှတ်-၁ တပ်ရင်း-ဟုမ္မလင်းနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ HPDF 124, HPDF, HPDF မိုးကြိုး ပူးပေါင်းစစ်ကြောင်းက စစ်ကောင်စီ လက်အောက်ခံ SNA တော်စီပွိုင့်ကုန်းနဲ့ ဂိတ်စခန်းတွေအားလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီး အောင်မြင်စွာ ဆုတ်ခွာခဲ့တယ် " လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းကလည်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်ရှိ ရွှေတွင်းကျေးရွာက SNA ဂိတ်စခန်းကို PDF မဟာမိတ် ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ဒေသခံတစ်ဦးက "စစ်ကောင်စီလက်အောက်ခံ ပန်ချယ်စိုက်ကွင်းစခန်းနဲ့ ရွှေတွင်းရွာက SNA စစ်ဆေးရေးဂိတ်စခန်းကို ၁ နာရီကျော်ကြာတိုက်ပွဲဖြစ်ပြီး စခန်းသိမ်း မီးရှို့ဖျက်ဆီးလိုက်ကြတယ် " လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲတွေမှာ လက်နက်ခဲယမ်းတချို့ သိမ်းပိုက်ရရှိခဲ့တယ်လို့ မဟာမိတ်ပူးပေါင်းအဖွဲ့က ဆိုပါတယ်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးသလို စစ်ကောင်စီ တပ်ဖွဲ့ဝင် အရာရှိ စစ်သည်တွေသေဆုံး ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ သီတင်းကျွတ်လပြည့်နေ့က အနောက်မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် သာစည်ကျေးရွာက ဆောက်လုပ်ဆဲ အကျဉ်းထောင်နဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲရှေ့က စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၉ ရက် မနက် ၁ နာရီက အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို လက်လုပ်လက်နက်ကြီး ၁၅ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ည ၈ နာရီမှာ သာစည်ကျေးရွာက ဆောက်လုပ်ဆဲ အကျဉ်းထောင်ကို လက်လုပ်လက်နက်ကြီး ၁၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။
မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူက “လက်နက်ကြီးတွေနဲ့ နမခကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ သူတို့အတွင်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပြန်ပစ်တာတွေ ရှိတယ်။ ညပိုင်းမှာ သာစည်ရွာအကျဉ်းထောင်သစ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ။ သူတို့ နားနေဆောင်ဘက် ကျည်ကျတယ်။ အထိခိုက်အသေဆုံးအတိကျတော့ မသိရဘူး"လို့ ဆိုပါတယ်။
အဲ့ဒီ နေ့လယ် ၂ နာရီခွဲခန့်ကလည်း မုံရွာမြို့ ဗိုလ်ချုပ်လမ်းဘေးရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ နှစ် ယောက် သေဆုံးပြီး ဒဏ်ရာတွေလည်း ရခဲ့တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA တာဝန်ရှိသူက ပြောပါတယ်။
အခုလို တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေကဘက်က ပြန်လည်ပစ်ခတ်ပေမဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သူတို့က ဆိုပါတယ်။
ပုလဲမြို့နယ်နဲ့ ခင်ဦးမြို့နယ်မှာလည်း ပျူစောထီးနဲ့ စစ်ကောင်စီအခြေစိုက်စခန်းတွေကို အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ပုလဲမြို့နယ် အင်မထီးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပေမဲ့ သေဆုံးတဲ့ စာရင်းတော့ မသိရဘူးလို့ ဒေသခံခေါင်းဆောင်က ဆိုပါတယ်။
အလားတူ ခင်ဦးမြို့နယ်က ပျူစောထီးနဲ့ စစ်ကောင်စီ တပ်ချထားတဲ့ ရွာသစ်ကုန်းကျေးရွာကို အောက်တိုဘာ ၉ ရက် ည ၉ နာရီမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာတော့ စစ်ကောင်စီ တပ်သား ၁၃ ယောက် သေတယ်ဆိုတာ ကြားရတယ်လို့ ခင်ဦးမြို့နယ်ဒေါင်းစစ်သည်အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
ခင်ဦးနဲ့ ပုလဲပစ်ခတ်မှုဖြစ်စဉ်မှာတော့ ဒေသကာကွယ်ရေးအဖွဲ့တွေထဲက သေဆုံးတာ မရှိဘူးလို့ အဲဒီအဖွဲ့ခေါင်းဆောင်တွေက ဆိုပါတယ်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို ထိခိုက်သေဆုံးမှုအရေအတွက်နဲ့ ပတ်သက်ပြီး တခြားသတင်းရင်းမြစ်တွေဆီကလည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။