ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးရဲ့ ဖခင်ဖြစ်သူအပါဝင် ဒေသခံ ပြည်သူ ၄ ယောက်ကို စစ်ကောင်စီက ဇန်နဝါရီ ၁၆ ရက် ညပိုင်းက ဖမ်းဆီးသွားပါတယ်။
ဒေါ်အိအိပြုံးရဲ့နေအိမ်ကို ရဲနဲ့ စစ်ကောင်စီတပ်သားတွေက ည ၁၀ နာရီကျော်လောက်မှာ ဝင်ရှာပြီး ဒေါ်အိအိပြုံးကို မတွေ့တာကြောင့် ဖခင်ဖြစ်သူကို ဖမ်းသွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အိမ်ကို လာရှာတာ။ ကား ၂ စီးနဲ့ ဆိုင်ကယ်တွေလည်းပါတယ်။ အားလုံးက အရပ်ဝတ်တွေနဲ့ မြို့မရဲစခန်းမှူးလည်းပါလာတယ်။ စာရွက်စာတမ်းတွေလည်း သယ်သွားတာတွေ့တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
အဲ့ဒီညပိုင်းမှာပဲ မအူပင်မြို့က အပြစ်မဲ့ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အိအိပြုံးရဲ့ ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပြီးနောက် မအူပင်မြို့မရဲစခန်းအချုပ်မှာထားရှိကာ စစ်ဆေးမေးမြန်းနေပါတယ်။
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ ဒီဇင်ဘာ ၁ ရက် ညပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ရပ်ကျေးဥက္ကဋ္ဌ အပါအဝင် ဒေသခံပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားပါတယ်။
သရွတ်မြိုက်ကျေးရွာမှာ နေထိုင်တဲ့ အန်အယ်လ်ဒီရပ်ကျေး ဉက္ကဋ္ဌ ဦးအောင်လှသန်း၊ သူ့ရဲ့သားမက် ကိုရှိုင်းထက်ကျော်၊ ကိုနေလင်းနဲ့ ကိုငပုတို့ကို ည ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော်လောက်က နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ကိုအောင်လှသန်းကို ပြီးခဲ့တဲ့ ၅ ရက်လောက်ကတည်းက ဘယ်မှမသွားနဲ့ အိမ်မှာနေရမယ်လို့ အမိန့်ပေးထားတာ အခုတော့ သူ့သားမက်ကိုရော သူ့ကိုရော တခါတည်း ဖမ်းသွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
ဝါးခယ်မမြို့နယ်မှာ နိုဝင်ဘာလကုန်ပိုင်းကစတင်ကာ အန်အယ်လ်ဒီပါတီဝင်တွေကို ဆက်တိုက်ဖမ်းဆီးနေပြီး လွန်ခဲ့တဲ့ ၅ ရက်ကလည်း မြို့နယ် အတွင်းရေးမှူးဟောင်း ဦးအောင်ကြွယ်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းသွားတယ်လို့ ဆိုပါတယ်။
ဝါးခယ်မမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတရားဖမ်းဆီးခံရသူ အယောက် ၅၀ ကျော်ထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။