close

စစ်ကောင်စီလက်အောက်ခံ

close

September 19, 2022

စစ်ကောင်စီလက်အောက်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး ထက်ဝက်ခန့် ပုံမှန်မလည်ပတ်နိုင်တော့ဟု စစ်တမ်းထုတ်ပြန်

လက်ရှိမြန်မာနိုင်ငံတဝန်းမှာ  စစ်ကောင်စီလက်အောက်က မြို့နယ်နဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ထက်ဝက်လောက်ဟာ ပုံမှန်မလည်ပတ်နိုင်ဘူးလို့ လွတ်လပ်သောသုတေသီများအဖွဲ့ - မြန်မာ (MiR) ရဲ့ စစ်တမ်းတခုအရ သိရပါတယ်။ 

ပြီးခဲ့တဲ့လမှာ ပြုလုပ်ခဲ့တဲ့ အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ တရားမျှတမှုရရှိရေး ရှာဖွေမှုအခြေအနေ စစ်တမ်းအစီရင်ခံစာမှာ မြန်မာတနိုင်ငံလုံး ပြည်နယ်နဲ့တိုင်း အသီးသီးက ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအခြေအနေတွေ၊ တရားဥပဒေစိုးမိုးမှုနဲ့ လုံခြုံရေး၊ ရပ်ရွာတည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေနိုင်တဲ့ ပဋိပက္ခ/အငြင်းပွားမှုတွေနဲ့ ရာဇဝတ်မှုဖြစ်ပွားမှု အခြေအနေတွေ၊ ကိုင်တွယ်ဖြေရှင်းနေကြပုံ စတာတွေကို စစ်တမ်းကောက်ယူခဲ့တာပါ။ 

ဖြေဆိုသူတွေရဲ့ ၁၀ ရာခိုင်နှုန်းက ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေ လုံးဝပိတ်ထားတယ်လို့ ဖြေဆိုကြပြီး ၁၃ ရာခိုင်နှုန်းကတော့ ရုံးတွေ ပုံမှန်မဖွင့်နိုင်ဘူးလို့ ဖြေဆိုကြပါတယ်။ 

ရုံးတွေပုံမှန်မဖွင့်ပေမယ့် ထောက်ခံစာတောင်းလို့ ရတယ်လို့ ၂၀ ရာခိုင်နှုန်းက ဖြေဆိုကြပြီး ပုံမှန်ဖွင့်တယ်လို့ ဖြေဆိုကြတာက ၂၉ ရာခိုင်နှုန်း ရှိပါတယ်။  ၈ ရာခိုင်နှုန်းကတော့ အုပ်ချုပ်ရေးမှူး အသစ်ခန့်ထားပေမယ့် ရုံးတွေမဖွင့်နိုင်ဘူးလို့ ဖြေဆိုကြပါတယ်။ 

လက်ရှိအုပ်ချုပ်ရေးမှူးတွေဟာ ရွေးကောက်တင်မြှောက်ထားသူတွေ မဟုတ်ဘူးလို့ ၅၇ ရာခိုင်နှုန်းက ဖြေဆိုထားပြီး ၁၆ ရာခိုင်နှုန်းကတော့ ရွေးကောက်တင်မြှောက်ထားသူဖြစ်တယ်လို့ ဖြေဆိုပါတယ်။ 

ဒီစစ်တမ်းဟာ တနိုင်ငံလုံးရဲ့ တရားဥပဒေစိုးမိုးမှု အခြေအနေကို တိတိကျကျ မဟုတ်ပေမဲ့ စစ်တမ်း ဖြေဆိုခဲ့ကြသူတွေ နေထိုင်တဲ့ မြို့နယ်ဒေသတွေရဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း အခြေအနေကို တစေ့တစောင်းတော့ ဖော်ပြနိုင်လိမ့်မယ်လို့  MiR က ဆိုပါတယ်။  

ဖြေဆိုသူ ၄၇ ရာခိုင်နှုန်းကလည်း ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးစနစ်ဟာ အရင်လို မလည်ပတ်နိုင်ဘူးလို့ ဖြေဆိုထားကြပြီး ၅၃ ရာခိုင်နှုန်းကတော့ သူတို့ဒေသမှာ ဧည့်စာရင်းတိုင်ဖို့ လိုတယ်လို့ ဖြေဆိုထားပါတယ်။ 

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ၁၉ ရာခိုင်နှုန်းက ရုံးတွေ မဖွင့်ဘူးလို့ဖြေကြပြီး ၂၆ ရာခိုင်နှုန်းကတော့ ရုံးတွေဖွင့်ပေမယ့် ပုံမှန်အလုပ်မလုပ်နိုင်ဘူးလို့ ဖြေဆိုကြပါတယ်။ 

စစ်တမ်းကို ဖြေဆိုသူတွေထဲမှာ တိုင်းနဲ့ပြည်နယ်အားလုံးက ပါဝင်ကြပြီး ရန်ကုန်နဲ့ မန္တလေးတိုင်း၊ ကရင်နဲ့ ကယားပြည်နယ်တို့က အများဆုံး ပါဝင်ဖြေဆိုထားကြပါတယ်။ သက်လတ်ပိုင်းတွေ အများဆုံး ပါဝင်ပြီး ပညာအရည်အချင်းနဲ့ အလုပ်အကိုင် မျိုးစုံပါဝင်ဖြေဆိုထားတာကိုလည်း တွေ့ရပါတယ်။ ဖြေဆိုသူအများစုရဲ့ ဒေသမှာ လုံခြုံရေးအားနည်းနေပြီး အမှုအခင်း အများစုဟာ ခိုးမှုတွေ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

7 mins Ago

March 10, 2022

ဘိုကလေးတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၄ ဦးကို အနားပေးပြီး စစ်အုပ်စုဩဇာခံများဖြင့် အစားထိုး

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၄ ဦးကို စစ်ကောင်စီက တာဝန်က ရပ်နားခဲ့တယ်လို့ သိရပါတယ်။

ကမလလူကျေးရွာ၊ ကွင်းကြီးကျေးရွာ၊ ထော်ပိုင်ကျေးရွာနဲ့ ဒိုက်နယ်ကြီး ကျေးရွာအုပ်စုတွေက အုပ်ချုပ်ရေးမှူးတွေ အပါအဝင် ၁၄ ဦးကို မတ်လဆန်းပိုင်းက စတင်ပြီး တာဝန်ကနေ ရပ်နားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အလုပ်ရပ်နားခံရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၄ ဦးဟာ အရပ်သားအစိုးရ လက်ထက်တည်းက အုပ်ချုပ်ရေးမှူးအဖြစ် လုပ်လာခဲ့ပြီး စစ်တပ်လက်ထက်မှာ ဒေသခံတွေကို ဖိနှိပ်ခြိမ်းခြောက်တာတွေ မလုပ်တာကြောင့် ခုလို ရပ်နားခံရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “ရွာတွေတော့ သေချာမသိဘူး၊ အားလုံးဆို ၁၄ ယောက်၊ သူတို့က အရပ်သားအစိုးရ လက်ထက်တည်းက လုပ်လာတာ၊ ပြည်သူတွေကို သိပ်မဖိဘူး၊ အဲ့ဒါကြောင့် ရပ်နားတာလည်း ပါမယ်၊ သူတို့နေရာတွေကို တပ်ထောက်ခံတဲ့သူတွေနဲ့ ပြန်အစားထိုးထားတယ်” လို့ ပြောပါတယ်။

လစ်လပ်သွားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၄ ဦးနေရာကို ၁ ပတ်အကြာမှာ စစ်ကောင်စီ သတင်းပေးတွေ၊ ကြံ့ခိုင်ရေးပါတီဝင်ဟောင်းတွေနဲ့ တပ်ထောက်ခံသူတွေကို ပြန်လည်အစားထိုး ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

6 months Ago
Up