close

စစ်ကောင်စီသင်္ဘော

close

October 23, 2022

ကသာတွင် စစ်ကောင်စီသင်္ဘောပေါ်မှပစ်သည့် လက်နက်ကြီးကြောင့် ကလေးငယ်တဦး သေဆုံး

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ အောက်တိုဘာ ၂၃ ရက်မနက်ပိုင်းက  ဧရာဝတီမြစ်တလျှောက် ဆန်တက်လာတဲ့ စစ်ကောင်စီ သင်္ဘောကပစ်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ရိက္ခာတင်သင်္ဘောပေါ်က လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့အတွက် မိုးတားတိုက်နယ်အုပ်စု ဆင်ကုန်တိုင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ်  မိန်းကလေးတဦး လက်နှက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"မနက် ၉ နာရီလောက်က ကသာဘက်က ဆန်လာတဲ့ စစ်တပ် ရိက္ခာတင် သင်္ဘောတွေပေါ်က လှမ်းပစ်တာ။ သင်္ဘော ၇ စီးလောက်ရှိတယ်။ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်နေတယ်လို့ ပြောလို့ရတယ်။ သားအဖ သုံးယောက် ဗုံးခိုကျင်းထဲက အထွက်မှာပဲ  ကလေးမလေးကို ဗုံးစ မှန်ပြီးသေတာ ပွဲချင်းပြီးပဲ" လို့ ဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးကျည်စ ထိမှန်တာကြောင့် အသက် ၁၂ နှစ်အရွယ် ၄ တန်းကျောင်းသူ မနှင်းအိလွင် သေဆုံးတဲ့အပြင် မဇင်မာဦးလည်း ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီသင်္ဘော ဆန်တက်လာတဲ့ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ဘေးတလျှောက် ကျေးရွာတွေမှာ နေထိုင်ကြသူတွေနဲ့ ကျွဲ နွားတွေ ဘေးကင်းစေဖို့‌ ကြိုတင်ပြင်ဆင်ထားဖို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကသာ ပကဖ ) က ထုတ်ပြန်ထားပါတယ်။

12 hours Ago

June 30, 2022

ကသာမြို့နယ်၌ စစ်ကောင်စီသင်္ဘော ပစ်ခတ်ခံရပြီးနောက် ရွာသားများကို ဖမ်းဆီး စစ်ဆေးနေ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတာရွာကို စစ်ကောင်စီတပ်တွေက ဇွန် ၂၉ ရက်မှာ ဝင်ရောက်လာပြီး ရွာသား ၃၀ ဝန်းကျင်ကို ဖမ်းဆီးစစ်ဆေးမေးမြန်းနေတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

မနေ့မနက်ပိုင်းက မင်းလယ်ရွာကနေ သံခွန်မော်တော်ကို ချောဆွဲပြီး ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မိုးတား‌‌ကျေးရွာ အရောက်မှာ KIA နဲ့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက  စောင့်ကြိုက်တိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်က မိုးတာရွာကို ကမ်းကပ်ကာ ရွာထဲဝင်လာပြီး  ရွာသားတွေကို ဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။

ဖမ်းဆီခံရသူတွေဟာ ဇွန် ၂၉ ရက် ညပိုင်းအထိ  လွတ်မြောက်ခြင်းမရှိသေးဘူးလို့ ကသာ ပကဖ တာဝန်ခံက ပြောပါတယ်။

“သူတို့(စကစ) စီးလာတဲ့ သ‌‌င်္ဘော အပစ်ခံရတော့ ပြန်လှည့်ပြီးဆင်းသွားတယ်၊ ပြီးတော့ ရွာအောက်ဘက်ကို ကပ်ပြီးတော့ ရွာထဲကိုပြန်ဝင်လာတယ်၊ ရွာထဲဝင်လာတော့တွေ့တဲ့သူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့သိရတယ်။ ပြည်သူ ၃၀ ဝန်းကျင်လောက်ဖြစ်မယ်။ အခုထိ သတင်းရရှိတာက ပြန်မလွတ်သေးဘူး။”

စစ်ကောင်စီသင်္ဘော စောင့်ကြိုတိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုရှိနိုင်ပေမဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေတော့  အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးတားရွာဟာ စစ်ကောင်စီတပ်သားတွေ မကြာခဏ ဝင်ရောက်လေ့ရှိတာကြောင့် ကျေးရွာက ပြည်သူအများစုဟာ အရင်ကတည်းက တိမ်းရှောင်နေပေမဲ့ အခုဖမ်းခံရတဲ့သူတွေဟာ မတိမ်းရှောင်ဘဲ ရွာထဲနေထိုင်နေတဲ့ သူတွေဖြစ်တယ်လို့လည်းသိရပါတယ်။ မိုးတားရွာဟာ အိမ်ထောင်စု ၁၅၀၀ ဝန်းကျင်နေထိုင်တဲ့ရွာ ဖြစ်ပါတယ်။

ဇွန် ၂၈  ရက်ကလည်း ကသာမြို့နယ် မင်းလယ်ရွာအနီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ KIA၊ ပကဖ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ကသာမြို့နယ်ထဲမှာ စစ်ကောင်စီက စစ်ကြောင်းတွေခွဲပြီး သွားလာလှုပ်ရှားနေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား စစ်‌ရေးတင်းမာနေပြီး နေစဥ်နေတိုင်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

4 months Ago
Up