close

စစ်ကောင်စီအာဏာစွန့်ရန်

close

July 26, 2021

ကိုဗစ်-၁၉ ကူးစက်မှုကို မထိန်းချုပ်နိုင်ပါက စစ်ကောင်စီအာဏာစွန့်ရန် NUG ပြော

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လက်ရှိ မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဆောင်ရွက်နိုင်စွမ်းမရှိဘူးဆိုရင်  အာဏာစွန့်လိုက်ရန် NUG  ပြည်ထောင်စု ဝန်ကြီးက ဦးမိုးဇော်ဦးက ပြောကြားလိုက်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ဇူလိုင် ၂၅ ရက်နေ့က ပြုလုပ်တဲ့ အစိုးရသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကို ပြည်သူလူထုနဲ့  ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး ထိန်းချုပ်ရမှာဖြစ်တာကြောင့် ပြည်သူလူထုယုံကြည်ရတဲ့ အစိုးရကသာ ဖြေရှင်းကျော်လွှားနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်ခေါင်းဆောင်ပိုင်းတွေနဲ့ ပတ်သက်ပြီး ထွက်လာတဲ့သတင်းတွေ အကျဉ်းထောင်ထဲက အခြေအနေတွေကို အတည်ပြုနိုင်ခြင်းမရှိသလို အာဏာသိမ်းစစ်ကောင်စီက သတင်းမှန်ထုတ်ပြန်မှုမရှိတာက လူသားတွေရဲ့အခွင့်အရေးကို ချိုးဖောက်ပြီး ရာဇဝတ်မှုကိုကျူးလွန်နေတာဖြစ်တယ်လို့လည်း ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာပြည်သူတွေကို မကြာခင် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးတော့မယ်လို့ ပညာရေးကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက  ဇူလိုင် ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ဒီနှစ်ထဲမကုန်ခင်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြန်မာလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း ထိုးပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၇၀,၀၀၀ နီးပါးနဲ့ သေဆုံးသူပေါင်း ၇,၀၀၀ ကျော်ရှိလာခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက  ဇူလိုင် ၂၅ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၂,၄၇၄ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၄,၉၉၈ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၄၀ ရာခိုင်နှုန်းကျော် ရှိပြီး တရက်တည်းသေဆုံးသူအရေအတွက်ကတော့ ၃၅၅ ယောက် ရှိပါတယ်။

8 mins Ago
Up