အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းဟာ ဇူလိုင် ၁ ရက်က နေပြည်တော်မှာ စစ်ကောင်စီဩဇာခံ ကော်မတီနဲ့တွေ့ဆုံပြီး မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ လူသားချင်း စာနာမှုအကူအညီပေးရေးကိစ္စတွေဆွေးနွေးခဲ့ကြပါတယ်။
စစ်ကောင်စီအဖွဲ့ဝင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အာဆီယံကိုယ်စားလှယ်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
တွေ့ဆုံရာမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ ရလဒ်ကောင်းတွေရတဲ့ အခြေအနေ၊ ဆက်လက် ဆောင်ရွက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ တွေ့ကြုံရသည့် အခက်အခဲတွေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်ဟာ အန်စီအေ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့လည်း မနေ့က နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့၊ ပဋိပက္ခဒဏ်ခံစားနေရတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ လူသားချင်းစာနာမှု အကူအညီရရှိဖို့နဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ပြန်လည်ဖော်ဆောင်နိုင်ရေး ကြိုးစားပေးသွားမယ်လို့ ပြောကြားခဲ့ကြောင်း PPST ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ဒီဗွီဘီကို ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးလည်းဖြစ်တဲ့ ပရတ်ဆာခွန်းဟာ မနေ့ညနေပိုင်းက နေပြည်တော်ကနေ ပြန်လည်ထွက်ခွာသွားပါတယ်။
အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆာခွန်းဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်ခရီးစဉ်ဖြစ် ဇွန် ၂၉ ရက်ကနေ ဇူလိုင် ၃ ရက်အထိ ၅ ရက်တာခရီး ရောက်ရှိနေတာဖြစ်ပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင်အပါအဝင် ဝန်ကြီးတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ခရီးစဉ်အတွင်း နိုင်ငံရေးပါတီ တချို့က ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ရှိနေပြီး နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် တောင်းခဲ့ပေမဲ့ စစ်ကောင်စီက ခွင့်မပြုခဲ့ပါဘူး။
PHOTO-MFAIC/MOI
စစ်ကောင်စီဩဇာခံ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး အပါအဝင် ဝန်ထမ်းအကြီးအကဲအယောက် ၈၀ ကို နိုင်ငံ့သစ္စာဖောက်အဖြစ် အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုဝင်ဘာ ၁၂ ရက် ရက်စွဲနဲ့ ကြေညာပါတယ်။
အဆိုပါထုတ်ပြန်ချက်ကိုတော့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပြီး တရားမဝင်အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်နေပြီး CDM ဝန်ထမ်းတွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ တရားစွဲဆိုတာ၊ ဉပဒေနဲ့အညီ ပြန်ဆပ်ဖို့ မလိုတော့တဲ့ လစာချေးငွေတွေကို အတင်းအဓမ္မ ပြန်ဆပ်ခိုင်းတာတွေနဲ့ အမျိုးမျိုးသော ဖိနှိပ်မှုတွေကို ကျူးလွန်နေတဲ့ ဖော်ပြပါ ဝန်ထမ်းတွေကို နိုင်ငံ့သစ္စာဖောက်အဖြစ် အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်လိုက်တယ်လို့ ကြေညာထားတာပါ။
အဆိုပါ ဝန်ထမ်းတွေထဲမှာတော့ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးဆောင်ညွှန်ကြား ရေးမှူး ဦးသက်ဆွေအပါအဝင် ညွှန်ကြားရေးမှူး/စာတည်းမှူးချုပ်တွေ၊ ဒုညွှန်ကြားရေး မှူး/ စာတည်းမှူးတွေ၊ မန်နေဂျာတွေ၊ လက်ထောက်မန်နေဂျာ/စာတည်းတွေအထိ ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော် အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၉ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၂၅၀ ကျော်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၀,၀၀၀ ကျော်ထိ ရှိခဲ့ပြီလို့ သိရပါတယ်။