close

စစ်ကောင်စီ ကင်းလှည့်ကား

close

March 9, 2022

ကျောက်ထုမြို့တွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရ

မကွေးတိုင်း ကျောက်ထုမြို့မှာ မတ်လ ၈ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးပြီး ၈ ယောက်လောက် ဒဏ်ရာရရှိသွားတယ်လို့ ကျောက်ထု PDF က ပြောပါတယ်။

ကျောက်ထုရဲစခန်းကနေ မြို့ထဲကို လှည့်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲအင်အား ၂၀ လောက်ကို မနေ့မနက် ၈ နာရီခွဲလောက်မှာ ကျောက်ထု PDF၊ မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ CDF မင်းတပ်တို့ ပူးပေါင်းကာ မိုင်း ၃ လုံး ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာလို့ ကျောက်ထု PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုအတွင်း ရဲစခန်းဘက်က တပ်ကူမလာနိုင်အောင်လို့ ကျောက်ထု PDF လက်နက်ကြီးတပ်ဖွဲ့က ရဲစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ပေးခဲ့ရာ ရဲစခန်းထဲမှာ ဘယ်လောက်ထိခိုက် သေဆုံးတယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ကျောက်ထု PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူလူထုပို့သတဲ့ မေတ္တာကြောင့် ကျနော်တို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိအခိုက် အကျအဆုံး မရှိခဲ့ဘူး" လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ကျောက်ထုမြို့နယ်ထဲကို စစ်ကောင်စီက ရဟတ်ယဉ်တစီးနဲ့ စစ်ကူတွေ၊ လက်နက်ခဲယမ်းတွေ လာချသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို သယ်သွားကြတယ်လို့ ပြောပါတယ်။

ကျောက်ထုအမြောက်တပ်က တင့်ကား ၂ စီးကို ဘဏ်နားမှာရပ်ပြီး စစ်ဆေးတာတွေ ပြုလုပ်ကာ ရမ်းသမ်းပစ်ခတ်ပြီး မြို့ထဲက ပြည်သူတွေကို အိမ်အပြင်မထွက်ရအမိန့် ထုတ်ထားသလို စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာအနီးနားက အပြစ်မဲ့ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ကို ဖမ်းဆီးသွားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

7 mins Ago

October 25, 2021

ကန်ကြီးထောင့်တွင်း စစ်ကောင်စီကင်းလှည့်ကား တိုက်ခိုက်ခံရသဖြင့် ၃ ဦးသေဆုံး

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့၊ ကညင်ငူကျေးရွာအနီးမှာ အောက်တိုဘာ ၂၄ ရက်  ညနေ ၆ နာရီကျော်က စစ်ကောင်စီ လှည့်ကင်းကားတစ်စီး လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ၃ ဦးသေဆုံးကာ ၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

လက်ပစ်ဗုံးနဲ့ လှည့်ကင်းကားအပစ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်ခဲ့တဲ့အတွက် လက်ပစ်ဗုံးပစ်သူ အမည်မသိအမျိုးသားတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

“ကင်းလှည့်တဲ့စစ်ကားကို ဆိုင်ကယ်နဲ့ ကောင်လေးနှစ်ယောက် လက်ပစ်ဗုံးနဲ့လာပစ်တာ။ စစ်ကားပေါ်ကနေ သေနတ်နဲ့ပြန်ပစ်လို့ ဆိုင်ကယ်နောက်ထိုင်ကောင်လေး ထိသွားတယ်။ ပြုတ်ကျတဲ့ ကောင်လေးကို ဝိုင်းရိုက်တယ်။ သေနတ်နဲ့လည်း ပစ်တယ်လို့ကြားတယ်။ ကောင်လေးသေသွားပြီ။ ဗုံးကွဲလို့စစ်တပ်ဘက်ကလည်း ၃ ယောက်သေတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကားဗုံးပေါက်အပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဧရာဝတီတိုင်းအတွင်းမှာ  စစ်ကောင်စီ လှည့်ကင်းယာဉ် ဗုံးခွဲတိုက်ခိုက်ခံရတာ  ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

5 months Ago
Up