စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ဩဂုတ် ၂၄ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က မိုင်းတစ်လုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုပေါက်ကွဲခဲ့တဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ ပုလဲ-ကျားတက်-မုံရွာသွား ကားလမ်းမပေါ်မှာ ဖွင့်လှစ်ထားပြီး ပြည်သူတွေကို အဓမ္မဆက်ကြေးကောက်နေတဲ့ ဂိတ်ဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားတာကို မျက်မြင်တွေ့တဲ့ ကျားတက်ရွာ ဒေသခံတစ်ဦးက “ဖြိုးကျော်လက်ဖက်ရည်ဆိုင်အနီးမှာ ပေါက်ကွဲတာဗျ။ အဲနေရာက ကျားတက်စာသင်ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်သားတွေက နေ့တိုင်းထွက်ပြီး အဲဒီဇရပ်ကနေ ပုလဲကလာတဲ့ ကားတွေ၊ မုံရွာဘက်ကလာတဲ့ ကားတွေကို စစ်ဆေးပြီး ဆက်ကြေးတောင်းနေတဲ့ကြတာ ကြာပြီဗျ။ ဒီနေ့တော့ ငါးယောက်ထိုင်ပြီး စခတွေ စကားပြောနေတဲ့အချိန် အခုလို ပေါက်ကွဲပြီး။ နှစ်ယောက်ကတော့ နေရာတင် သေတယ်။ သုံးယောက်ကတော့ ဒဏ်ရာအတော်လေး ဆိုးဝါးတယ်။ အဲဒီဒဏ်ရာရတဲ့သူတွေကို သူတို့ တပ်စွဲထားတဲ့ ကျားတက်စာသင်ကျောင်းထဲ သယ်သွားတာမြင်လိုက်ရတယ်” လို့ ပြောပါတယ်။
အခုမိုင်းကွဲမှုဟာ အဖွဲ့အစည်းတစ်ခုက မိုင်းထောင်ဖောက်ခွဲခဲ့တာမျိုးမဟုတ်ဘဲ စစ်အာဏာရှင် တော်လှန်သူတယောက်က တကိုယ်တော်လှုပ်ရှားခဲ့တာဖြစ်တယ်လို့ ဒေသခံ ပြည်သူကာကွယ်ရေးဒေါင်းနက်အဖွဲ့ခေါင်းဆောင် ဆရာပေက ပြောပါတယ်။
“ကျနော့်အသိထဲက တကိုယ်တော် စစ်အာဏာရှင်ကို တော်လှန်နေတဲ့သူက ဖောက်ခွဲခဲ့တာဗျ။ အခုလို တဦးချင်း တယောက်ချင်းတိုင်းက စစ်အာဏာရှင်ကို တော်လှန်သွားမယ်ဆိုရင် ဒီတော်လှန်ရေးက အမြန်ဆုံးပြီးဆုံးသွားမယ်။”
စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်ဖွဲ့တွေဟာ တစ်နှစ်ကျော်ကြာ စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့ လက်ရှိအချိန်အထိ ထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး။
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ် ဩဂုတ် ၂၃ ရက်နေ့ မနက်အစောပိုင်းမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မအူပင်မြို့ကနေ ကျိုက်လတ် လာတဲ့ လမ်းမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတွေထိုင်တဲ့ စစ်ဆေးရေးဂိတ်ကနေ မနက် ၅ နာရီခွဲလောက်မှာ ဗုံးပေါက်ကွဲသံ ကြားရတာလို့ ဆိုပါတယ်။
“မနက်အစောကြီးပေါက်တာ၊ စောင့်အိပ်တဲ့ စစ်သားနဲ့ ရဲတော့ ထိနိုင်တယ်၊ ကျနော်တို့လည်း သွားမကြည့်ရဲဘူး၊ အသံကတော့ တော်တော်ကျယ်တယ်။ အဲဒီဂိတ်က လာသမျှကားနဲ့ ဆိုင်ကယ် ပိုက်ဆံတောင်းနေတဲ့ ဂိတ်ဆိုတော့ လုပ်ပေးတာ ကောင်းပါတယ်” လို့ ကျိုက်လတ်မြို့ခံ ပြည်သူတဦးက ပြောပါတယ်။
ဗုံးခွဲတိုက်ခိုက်ခံရတဲ့ စစ်ဆေးရေးဂိတ်ဟာ ဒေသခံခရီးသွားတွေကို ငွေတောင်းခံလေ့ရှိတဲ့ဂိတ် ဖြစ်ပြီး ဖောက်ခွဲတဲ့သူတွေကို ဖမ်းမမိတာကြောင့် မြို့ထဲမှာ မနက်ပိုင်း ကင်းလှည့်တာနဲ့ အထိုင်စစ်ဆေးတာတွေ ပိုလုပ်လာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်ကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ကျိုက်လတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကျိုက်လတ် ဧရာဗေဒါအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
ကျိုတ်လတ်မြို့နဲ့ကပ်လျက် ဖျာပုံမြို့မှာလည်း စစ်ကောင်စီရဲ့ဒေါက်တိုင် စာရေးမနဲ့ သတင်းပေးတဦးကို ဒီနေ့မှာ တော်လှန်ရေးအင်အားစုတွေက ရှင်းလင်းခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။