မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ် ကားလမ်းရှိ ဝဲကလိနဲ့ သံဖြူဇရပ်ကြားက ကတုံစိရဲကင်းမှာ စက်တင်ဘာ ၉ ရက် မနက် ၂ နာရီလောက်က ရဲနှစ်ယောက် ပစ်သတ်ခံထားရတယ်လို့ ဒေသဆိုင်ရာ PDF သတင်းအရင်းမြစ်တွေက သိရပါတယ်။
အဆိုပါရဲကင်းဟာ ရေး-သံဖြူဇရပ်ကားလမ်းမှာ သွားလာနေတဲ့ယာဉ်တွေကို စစ်ဆေးပြီး ငွေတောင်းတာတွေ လုပ်နေတာကြောင့် အခုလို သုတ်သင်ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။
ဒေသခံပြည်သူတယောက်က “ဟုတ်တယ်၊ အေဒီရဲကင်းဂိတ်က မသင်္ကာရင် ကား၊ ဆိုင်ကယ်ပေါ်ကလူတွေ လက်နက်ခဲယမ်း ပါ မပါ စစ်ဆေးတာ ခံရလေ့ရှိခဲ့တာကြောင့် အခုလို အသတ်ခံရတာဖြစ်မယ်” လို့ ပြောပါတယ်။
အဆိုပါ ရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဘက်က ထုတ်ဖော်ပြောဆိုတာ မရှိသေးသလို ဒေသဆိုင်ရာ PDF တွေကလည်း အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းမထုတ်ပြန်သေးပါဘူး။
ရေး-သံဖြူဇရပ် ကားလမ်းမှာတော့ စစ်ကောင်စီယာဉ် ကားတန်းတွေ မကြာခဏ ခြုံခိုတိုက်ခိုက်ခံရလေ့ရှိပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံး ရှိနေပါတယ်။
စက်တင်ဘာ ၈ ရက် ည ၁၂ နာရီကျော်လောက်ကလည်း ရေးမြို့နယ် အောင်မင်္ဂလာ လူမှုကူညီရေး ပရဟိတ လူနာတင်ကား ၁ စီး မော်လမြိုင်မြို့ကနေ လူနာပို့ပြီး အပြန် သံဖြူဇရပ်၊ ပိန္နဲတောရွာအနီးမှာ မိုင်းဆွဲခံရပြီး သေနတ်ပါ ပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာမှာရှိတဲ့ ရဲကင်းစခန်းတခုကို ဒေသခံ PDF တပ်ဖွဲ့တွေက မေ ၁၀ ရက်က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ ရဲကင်းစခန်းဟာ ဖြတ်သန်းသွားလာသူတဲ့ဒေသခံတွေကို စစ်ဆေးမေးမြန်းတာနဲ့ ဒေသတွင်း တရားမဝင် သစ်ခိုးထုတ်သူတွေထံကနေ စစ်ကောင်စီတပ်တွေ ဆက်ကြေးကောက်တဲ့ ဂိတ်ဖြစ်တယ်လို့ဆိုပါတယ်။
သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက “အဲဒီ ရဲကင်းစခန်းက သစ်ခိုးထုတ်သူတွေကို ဂိတ်ဖွင့်ပြီး ဆက်ကြေးတောင်းနေတဲ့ဂိတ် ဖြစ်တယ်။ အရင်ကတော့ ရဲတွေပဲရှိတာ။ အခုကတော့ ရဲတောင် အပြည့်မထားနိုင်တော့ဘူး။ ပျူစောထီးတွေနဲ့ ရဲအနည်းငယ်နဲ့ပဲ စောင့်နိုင်တော့တယ်။ ကျနော်တို့ကလည်း အခုလိုအချိန်မျိုးကို အလစ်စောင့်နေတာ ကြာပြီ။ ဝင်ပစ်တဲ့ အချိန်တုန်းက ရဲတယောက်နဲ့ သူ့မိသားစု ပျူတွေပဲ ဂိတ်မှာစောင့်နေတဲ့အချိန်၊ မေလ ၁၀ ရက်နေ့ မနက် ၉ နာရီလောက်မှာ ကျနော်တို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ နဲ့ ၃၈၀၂ တပ်ခွဲ ၃ တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာ အောင်မြင်ပါတယ်။သူတို့ဘက်က မျှော်လင့်မထားတော့ အငိုက်မိသွားတာပေါ့။ ဂိတ်စောင့်ရဲတဦးနဲ့ ပျူ ၅ ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တဲ့သူတွေနဲ့ ကျွန်းကုန်းရွာက ပျူခေါင်းဆောင်မြင့်ဌေးတို့ကတော့ ဂိတ်စခန်းကိုထားပြီး လွတ်မြောက် ထွက်ပြေးသွားကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ သူတို့ရဲ့တပ်တွေ တိုက်ခိုက်ခံရတာ၊ သေဆုံးဒဏ်ရာရတာတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လေ့ မရှိတာကြောင့် ကျဆုံးတဲ့အရေအတွက်ကို အတည်မပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
စမ်းဘုတ်ကျေးရွာဟာ မင်းလှမြို့နယ်ထဲကနေ ပဲခူးရိုးမအပေါ်ကိုတက်တဲ့ သစ်ခိုးလမ်းပေါ်က ကျေးရွာဖြစ်ပြီး အခုတိုက်ပွဲဖြစ်တဲ့ နေရာက ရွာအထွက်မှာရှိတဲ့ ဂိတ်မှာဖြစ်တာပါ။ အဲဒီဂိတ်ကနေ လက်ပံတန်း၊ ကျွန်းကလေး၊ တာဆုံဘင်လည်း သွားလို့ရပြီး မင်းလှ စိန်ကန့်လန့်လမ်းကိုလည်း သွားလို့ရပါတယ်။
အဲဒီဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ ဆိုင်ကယ်၊ ကားတွေကို စစ်ကောင်စီတပ်တွေက PDF တွေရဲ့ သတင်း မေးလေ့ရှိသလို သစ်/မီးသွေးတင်တဲ့ ဆိုင်ကယ်တစီးကို ၆,၀၀၀၊ သစ်ကား ဝါးကားဆိုရင် ၂၀,၀၀၀/၂၅,၀၀၀ တောင်းနေတဲ့ဂိတ်လည်း ဖြစ်ပါတယ်။