စစ်ကိုင်းတိုင်းထဲက ၁၅ မြို့နယ်မှာ စစ်ကောင်စီလက်အောက် လုပ်ကိုင်နေကြတဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေအားလုံး ၁၀ ရက်အတွင်း နုတ်ထွက်ကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ကြေညာလိုက်ပါတယ်။
ကသာခရိုင်က ၇ မြို့နယ်၊ ခန္တီးခရိုင်က ၅ မြို့နယ်၊ မော်လိုက်ခရိုင်က ၂ မြို့နယ်နဲ့ တမူးခရိုင်က ၁ မြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို ဖယ်ရှားပြီး ပြည်သူ့အုပ်ချုပ်ရေးအာဏာကို ထူထောင်နေပြီလို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ကိုင်းတိုင်းထဲက ကျေးရွာ၊ ရပ်ကွက်နဲ့ မြို့နယ်နဲ့ ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ပြည်သူ့အုပ်ချုပ်ရေး ယန္တရားကို စတင်လည်ပတ်နေပြီလို့ဆိုပါတယ်။
ဒါ့ကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ တရားမဝင် တာဝန်ထမ်းဆောင်နေကြတဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူ အဆင့်ဆင့်အနေနဲ့အခု ကြေညာချက် ထုတ်ပြန်တဲ့ ဇူလိုင် ၁၁၊ ၁၂ ရက်ကနေ ၁၀ ရက်အတွင်း ရာထူးတာဝန်ကနေ စွန့်ခွာကြဖို့၊ တာဝန်ကျရာ နယ်မြေကနေ စွန့်ခွာကြဖို့ ညွှန်ကြားထားပါတယ်။
ညွှန်ကြားချက်ကို မလိုက်နာဘဲ အကြမ်းဖက်ယန္တရားမှာ ကာယကံမြောက် ကိုယ်တိုင်ပါဝင်နေရင် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်ဖျက်ဆီးသူတွေအဖြစ် မှတ်ယူပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ အပါအဝင် တည်ဆဲဥပဒေတွေနဲ့အညီ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတကလည်း စစ်ကိုင်းတိုင်း၊ မြို့နယ် ၁၅ ခုက မြို့နယ်တရားသူကြီးအဖွဲ့တွေကို ကြားကာလအတွင်း တရားစီရင်ရေးအာဏာတွေ ကျင့်သုံးဆောင်ရွက်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ မေလတုန်းက စက်ရှင်တရားစီရင်ရေးအာဏာတွေ အပ်နှင်းထားပါတယ်။