စစ်ကောင်စီက စီစဉ်ကျင်းပမယ့် သင်္ကြန်ပွဲတော်မှာ ဝါရင့်အဆိုတော် ဂျက်မြသောင်း၊ မြန်မာသံအဆိုတော် သန်းမြတ်စိုး၊ ဝိုင်းလမင်းအောင်နဲ့ သရုပ်ဆောင်ယဉ်လက်တို့ ပါဝင်ဖျော်ဖြေသွားကြမယ်လို့ စစ်ကောင်စီပြန်ကြားရေးက ကြေညာထားပါတယ်။
စစ်ကောင်စီဝါဒဖြန့် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ထုတ်လွှင့်မယ့် “မင်္ဂလာပါအတာသင်္ကြန်” တေးဂီတဖျော်ဖြေပွဲမှာ ဧပြီ ၁၀ ရက်ကနေ ၁၆ ရက်နေ့အထိ သီတင်းတပတ်ကြာ တင်ဆက်သွားမှာဖြစ်ပြီး သူတို့နဲ့အတူ တက္ကသိုလ် ကိုကိုဇော်၊ ရဲထိုက်၊ ဆူးနစ်၊ ယဉ်ဝေယံထွန်း၊ ပန်းအိဖြူ၊ သက်မှူးခင်၊ ရွှေရူပါဦး၊ နေခြည်၊ နန်း KZ ၊ မြင်းမိုရ်သွန်းခ၊ အိအိလှိုင်၊ နန်းစန္ဒီ၊ မြနန္ဒာတို့ ပါဝင်တယ်လို့ ကြေညာထားပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ သင်္ကြန်ပွဲတော်ကျင်းပဖို့ ဖိအားပေး ပြင်ဆင်နေသလို ပြည်သူတရပ်လုံးကလည်း ဒီပွဲတော်မှာ မပါဝင်မဆင်နွှဲကြခြင်းနဲ့ အာဏာရှင်ကို ဆက်လက်ပြီးတော့ ဆန့်ကျင်တော်လှန်ဖို့ ပြင်ဆင်နေကြပြီး ပြည်သူဘက်ကရပ်တည်တဲ့ အနုပညာရှင်တွေကလည်း ဒီသင်္ကြန်ပွဲကို ညီညီညာညာ သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။
ခုလိုအခြေအနေမှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပဖို့ စီစဉ်နေတာတွေကို ပြည်သူတွေက ဆန့်ကျင်နေကြသလို အကြမ်းဖက်စစ်ကောင်စီနဲ့ လက်တွဲပြီး အလိုကျလိုက်ပါ ဖျော်ဖြေနေတဲ့ ရုပ်ရှင်၊ ဂီတ၊ စာပေ၊ အားကစားနယ်ပယ်အသီးသီးက ထင်ရှားကျော်ကြားသူတွေကိုလည်း ဝေဖန်ကန့်ကွက် လုပ်ဆောင်နေကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းယူထားတဲ့ကာလဟာ တနှစ်ကျော်ရှိလာသည့်တိုင် နိုင်ငံတဝန်းမှာပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြပြီး စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြားဆက်လက် ဖြစ်ပွားနေပါတယ်။
မကြာမီ ကျရောက်တော့မဲ့ စစ်ကောင်စီပြုလုပ်တဲ့ ၂၀၂၂ သင်္ကြန်ပွဲမှာ ပြည်သူတွေ ဝင်ရောက်မပူးပေါင်းကြဖို့ တောတွင်းရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော်တွေက တော်လှန်သင်္ကြန်ကမ်ပိန်းတခု ပြုလုပ်ခဲ့ကြပါတယ်။
လတ်တလော စစ်အာဏာရှင်ကို တော်လှန်ရင်း ထောင်ထဲရောက်နေတဲ့ ရဲဘော်တွေ၊ သူတို့မိသားစုတွေ၊ တောတွင်းမှာ အသက်ပေးပြီး စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတဲ့ PDF တွေ၊ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တောင်းဆိုဆန္ဒပြရင်း အသက်ပေးလိုက်ရသူတွေ၊ CDM ဝန်ထမ်းတွေနဲ့ ရပ်တည်ပြီး စစ်ကောင်စီသင်္ကြန်ကို ပြည်သူတွေ မပူးပေါင်းကြဖို့ အခုလို တောတွင်းသင်္ကြန် ကမ်ပိန်းပြုလုပ်တာလို့ PDF ရဲဘော်တယောက်က ပြောပါတယ်။
“အခုသင်္ကြန်က ကျနော်တို့အတွက် ပျော်စရာသင်္ကြန်မဟုတ်ပါဘူး။ တောထဲနဲ့ မြို့တွေထဲမှာ ပေးစပ်သူတွေရဲ့ သွေးတွေက မခန်းခြောက်သေးတဲ့အတွက် အခုလာမဲ့ သင်္ကြန်ကို ဆူညံသံအစား တော်လှန်သင်္ကြန်နဲ့ အစားထိုးပေးဖို့” တိုက်တွန်းထားပါတယ်။
မြေအောက်တော်လှန်ရေးအဖွဲ့တွေလည်း နိုင်ငံတဝန်း စစ်ကောင်စီ ဦးစီးကျင်းပမယ့် သင်္ကြန်မဏ္ဏပ်တွေဆီ မသွားကြဖို့၊ စစ်ကောင်စီတပ်တွေအနား မသွားရောက်ကြဖို့၊ အရက်သေစာ သောက်စားမူးယစ် အော်ဟစ် ကခုန်တာမပြုလုပ်ဖို့၊ တေးသီချင်းတွေ အသံကျယ်လောင်စွာမဖွင့်ကြဖို့နဲ့ မိမိနေအိမ်မှာသာ နေထိုင်ကြဖို့ လူထုကို သတိပေး ထုတ်ပြန်ထားပါတယ်။