close

စစ်ကျန်လက်နက်ကြီး

close

July 18, 2022

စီစီဝမ်တာပန်တောင်ခြေတွင် စစ်ကျန်လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကလေး ၁ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ မုံးပေါ်ဒေသရှိ စီစီဝမ်တာပန် တောင်ခြေမှာ ဇူလိုင် ၁၆ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်က ကျွဲ ကျောင်းသားကလေး ၁ ဦး စစ်ကျန်လက်နက် ပေါက်ကွဲထိမှန်သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ယာခင်းတဲထဲမှာကိုဖြစ်တာ။ ကလေးက ဘာမှန်းမသိလို့ ထုကြည့်တာနေမယ်။ ကလေးက ကြေမွကုန်တယ်” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

အဲဒီယာခင်းပိုင်ရှင်တွေက တောင်ခြေမှာ စစ်ကျန်လက်နက်ကျည်တွေ ရှိနေတာကြောင့် တောင်ယာ မလုပ်တော့ကြတော့ဘူးလို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကလေးဟာ အသက် ၁၁ နှစ်အရွယ် လုံဖုဆိုသူဖြစ်ကာ ဉာဏ်ရည်မသန်စွမ်းတဲ့ မိခင်နဲ့ အဘွားတို့နဲ့အတူ မုံးပေါ်ဈေးရွာမှာ နေထိုင်ပြီး ကျွဲကျောင်းတဲ့အလုပ်လုပ်ရင်း မိသားစုကို ပံ့ပိုးနေရသူဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူအမျိုးသမီးတဦးက ပြောပါတယ်။

“အခု သေသွားတဲ့ ကလေးကျောင်းတဲ့ ကျွဲက မချည်ထားတော့ သူ့ကို အဲဒီကျွဲ ကြည့်ထားခိုင်းပြီး ကျွဲပိုင်ရှင်နဲ့ သူ့အဖော် ကလေးတွေက သူ့ ယောက္ခထီးတို့ရဲ့ ကျွဲကို ဆေးသွားတိုက်နေချိန် မိုင်းကွဲသံကြားမှ အဲကလေး ကြောက်မှာစိုးလို့ ပြေးလာတော့ အဲဒီလို သေဆုံးနေပြီလို့ပြောတယ်။ အရင်က တိုက်ပွဲတုန်းက ပစ်ထားတဲ့ မအောင်သေးတဲ့ လက်နက်ကျည်ကို ရိုက်ထုကြည့်ပုံရတယ်။” 

ဒီနှစ်အတွင်း အဲဒီနေရာမှာ စစ်‌ကောင်စီတပ်နဲ့ ကိုးကန့် MNDAA၊ KIA တို့အကြား တိုက်ပွဲ ၂ ကြိမ်လောက် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေးရဲ့အလောင်းကိုတော့ ဇူလိုင် ၁၆ ရက် ညနေပိုင်းမှာပဲ မီးရှို့ သင်္ဂြိုဟ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ကျွဲကျောင်းသားအများစုက ပုံမှန်လယ်ကွင်းမှာ သွားကျောင်းနေကျ ဖြစ်ပေမယ့် လက်ရှိမှာ စပါးတွေ စိုက်ထားတာကြောင့် တောင်ပေါ် တွေဘက် ရွှေ့ပြောင်း ကျွဲကျောင်းနေကြရတာပါ။

ပြီးခဲ့တဲ့ ၁ လလောက်ကလည်း ၁၀ နှစ်‌အောက်အရွယ် ကျွဲကျောင်းသား ၇ ဦးလောက်  မိုင်ဖန်ရွာက စာသင်ကျောင်းနားမှာ မအောင်သေးတဲ့ စစ်ကျန်လက်နက်ကျည် ပစ်ပေါက်ဆော့ကစားရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်မှု တစုံတရာ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့ ပစ်ပေါက်ဆော့ကစားနေတာ ၃ ရက်လောက်ရှိပြီတဲ့။ သူတို့က ဝါးရုံမှာ ဝှက်ဝှက်ထားပြီး ပြန်ပြန်ဆော့နေတာ။ ကလေး ၁ ယောက်က အရမ်းပူလာလို့ ချောက်ထဲပစ်ချလိုက်လို့ ဘာမှ မဖြစ်တာ။ မဟုတ်ရင် မတွေးဝံ့ဘူး” လို့ အဲဒီထဲက ကလေးတဦးရဲ့ မိခင်က ပြောပါတယ်။

ဒေသခံ ကလေးမိဘတွေကတော့ ရွာနီးနားတွေမှာလည်း မအောင်သေးတဲ့ စစ်ကျန် လက်နက်ကျည်တွေ တွေ့ရတတ်တာကြောင့် မိုင်းကာကွယ်ရေး အသိပညာပေးတဲ့အဖွဲ့တွေအနေနဲ့  ပေါက်ကွဲတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ အန္တရာယ်ရှိတဲ့ အကြောင်းကလေးတွေကို အဓိကထားပြီး သင်ပေးစေချင်တယ်လို့ ပြောပါတယ်။

အဲဒီ ဒေသမှာတော့ စစ်ကောင်စီတပ်၊ KIA၊ ကိုးကန့် MNDAA မြောက်ပိုင်း မဟာမိတ်ညီနောင်တပ်ဖွဲ့တွေနဲ့ SSPP/ SSA တို့ လှုပ်ရှားသွားလာရာနေရာ ဖြစ်ပါတယ်။

7 mins Ago

January 19, 2020

မင်းပြားတွင် စစ်ကျန်လက်နက်ကြီး ပေါက်ကွဲသဖြင့် ၈ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရွှေကျင်ကျေးရွာရဲ့ ၆ ဖာလုံအကွာမှာ ဇန်နဝါရီ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က စစ်ကျန်လက်နက်ကြီးကျည်ကို ကိုင်ကြည့်ရာမှ ပေါက်ကွဲခဲ့တာကြောင့် မိသားစုဝင် ၈ ယောက် ဒဏ်ရရှိခဲ့တယ်လို့ ရွှေကျန်ကျေးရွာအုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။ "အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၃ ယောက်၊ အဲဒီအထဲမှာ စိုးရိမ်ရတာ ၃ ယောက်ပါတယ်။ အကုန်ထိခိုက် ဒဏ်ရာရတာက ၈ ယောက်ပါ။ သူတို့ မိသားစုဝင်တွေ ၈ ယောက်က တောကို ထင်းခွေဖို့သွားတာ၊ အဲဒီမှာ စစ်ကျန်လက်နက်ကြီး ပေါက်ကွဲမှုဖြစ်တာ။” ရွှေကျင်ကျေးရွာနားမှာ တပ်မတော်က မကြာသေခင်လပိုင်းတွေမှာ တပ်စွဲနေထိုင်ခဲ့တာရှိပြီး ကျေးရွာအနားတွေ တိုက်ပွဲမဖြစ်တာ ၄ လနီးပါးရှိနေပြီလို့ ကျေးရွာသားတွေက ပြောဆိုပါတယ်။ မင်းပြား လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ ပြင်းထန်သူတွေ ပါတယ်။ အခု သူတို့ကို ပန်းမြောင်းဆေးရုံကို သွားတယ်။ ပြီးတော့ အခြေအနေ စိုးရိမ်ရတဲ့သူတွေကိုတာ့ မြောက်ဦးဆေးရုံကို ပို့ရမယ်” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲဖြစ်ပွားနေတာ တနှစ်ကျော်လာပြီ ဖြစ်ပါတယ်။ မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးတာ ၂၁  ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၆၂ ဦးရှိပြီလို့ သိရပါတယ်။ မြေမြှုပ်မိုင်း အပါအဝင် တိုက်ပွဲအတွင်းမှာ သေဆုံးတာနဲ့ လက်နက်ကြီးကျည်ကျလို့ သေဆုံးတာ ၁၀၅ ဦးရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူက ၃၄၁ ဦး ရှိပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) စာရင်းအရ သိရပါတယ်။
2 years Ago
Up