close

စစ်ကျွန်ပညာရေးစနစ်

close

March 4, 2023

ပုဂ္ဂလိကကျောင်းများတွင် ဒီမိုကရေစီသင်ကြားမှုအား ဟန့်တားခြင်းဖြင့် စစ်ကျွန်ပညာရေးစနစ်ကို ပုံဖော်နေ

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုတွေ သင်ကြားရင် အရေးယူနိုင်ဖို့ ဥပဒေရေးဆွဲ ပြဋ္ဌာန်းရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ညွှန်ကြားထားတဲ့ ရုံးစာတစောင် ဖေဖော်ဝါရီလကုန်ပိုင်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဇန်နဝါရီ ၆ ရက်က စစ်ကောင်စီ ဥက္ကဋ္ဌရုံးမှာ ကျင်းပတဲ့ ညှိနှိုင်းအစည်းအဝေးမှာ စစ်ခေါင်းဆောင် က ပုဂ္ဂလိကကျောင်းတွေကို ဘယ်လိုခွင့်ပြုချက်နဲ့ ဖွင့်ထားဖွင့်ထား မြန်မာနိုင်ငံရဲ့ စည်းကမ်း သတ်မှတ်ချက်နဲ့ ယဉ်ကျေးမှုကို အလေးထားလိုက်နာဖို့ လိုကြောင်း ပြောခဲ့ပြီးနောက် ခရိုင်/မြို့နယ် ပညာရေးမှူးရုံးတွေဆီ ညွှန်ကြားထားတဲ့စာ ထွက်ပေါ်လာတာပါ။

အခုလို ပုဂ္ဂလိကျောင်းတွေမှာ ဒီမိုကရေစီ သင်ကြားမှုကို ဟန့်တားလိုက်တာဟာ အနာဂတ် လူငယ်တွေကို ဒီမိုကရေစီ မသိရှိအောင်နဲ့ စစ်ကျွန်ပညာရေးစနစ်ကို ပုံဖော်နေတဲ့ လက္ခဏာတရပ် လို့ ပြည်တွင်းပြည်ပ ပညာရေး အသိုင်းအဝိုင်းက သုံးသပ် ပြောဆိုကြပါတယ်။

Burma Academy ရဲ့ အမှုဆောင် ဒါရိုက်တာ ကိုမင်းခန့်ကျော်လင်းက "ဘာလို့ ဒီမိုကရေစီ သင်ကြားမှုတွေကို စစ်တပ်က ပိတ်ပင်ဖို့ ကြိုးစားလဲဆိုတော့ ကျောင်းသားလှုပ်ရှားမှုတွေကို စစ်တပ်က ကြောက်တယ်။ ကျောင်းသားတွေ ဒီမိုကရေစီနဲ့ ရင်းနှီးသွားမှာ၊ ကျောင်းသားတွေ ဒီမိုကရေစီဆိုတာ သိသွားမှာ သူတို့ အရမ်းကြောက်တယ်။ အဲ့အတွက်လည်း အရင်ကတည်းက စစ်ကျွန်ပညာရေးဖြစ်အောင် သွပ်သွင်းခဲ့ပြီး ကျောင်းသားတွေကို နားမလည်အောင် လုပ်ခဲ့တယ်။ ဒါပေမဲ့လည်း ကျောင်းသားက ခေတ်အဆက်ဆက်မှာ မတရားမှုကို တော်လှန်ဖို့ အမြဲရှိခဲ့ကြတယ်။ အဲ့အတွက်ကြောင့် သူတို့မှာ အရမ်းပဲ ကြောက်ရွံ့နေတယ်လို့ ကျနော် မြင်တယ်။ အဲ့တော့ ပညာရေး ဖိနှိပ်မှုကတော့ လုပ်နေဦးမှာပဲ။ အဲ့တော့ ပုဂ္ဂလိက ကျောင်းတွေ၊ စစ်တပ်နဲ့ မဖြစ်မနေ ပတ်သက်နေရတဲ့ အစုအဖွဲ့ အနေနဲ့ကတော့ စစ်တပ်ရဲ့ တရစ်ချင်း ကျပ်တဲ့ဒဏ်ကို ခံရမှာလို့ မြင်မိတယ်။ ပြည်သူလူထု အနေနဲ့ မတတ်သာလို့ စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ဟာတွေလည်း စစ်တပ်နဲ့ အကင်းကွာဆုံး နေသင့်တယ်။ စစ်တပ်လက်အောက်က ပညာရေးကတော့ ဘာမှ မျှော်လင့်စရာ မရှိဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။

ကြားကာလ ပညာရေးမှာ သင်ကြားပေးနေတဲ့ ဖက်ဒရယ်ကျောင်းတွေမှာ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေအပြင် ဖက်ဒရယ်နဲ့ လူ့အခွင့်အရေး ဘာသာရပ်တွေ၊ Transitional justice ဘာသာရပ်မျိုးတွေကို လူငယ်အများစု စိတ်ဝင်စားကြပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်မှာ ပါဝင်နေတဲ့ ဆရာတဦးကတော့ အနာဂတ် လူငယ်တွေ စိတ်ဝင်စားတဲ့ ဘာသာရပ်တွေ သင်ခွင့်မရရင် ပညာရေးမှာ အများကြီး ဆုံးရှုံးမှုရှိတယ်လို့ သုံးသပ် ပြောပါတယ်။

"မြန်မာပြည်မှာ လွတ်လပ်စာ ပညာသင်ကြားခွင့်က လွန်ခဲ့တဲ့နှစ် အနည်းငယ်ကမှ ရတာ မကြာသေးဘူး။ အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ ဘာသာရပ်တွေဆိုလည်း သူတို့တွေ အွန်လိုင်းကသော်လည်းကောင်း၊ ပုဂ္ဂိလကျောင်းကသော်လည်းကောင်း သင်ယူခွင့်ရခဲ့တယ်။ အဲ့ဒီလိုမျိုး သင်ယူရတဲ့အတွက် အသိအမြင်တွေ ပွင့်လာတယ်။ လူငယ်ဆိုတာတော့ ပညာသင်ယူတဲ့အရွယ်မှာ သူတို့ စိတ်ဝင်စားတဲ့ ဘာသာကို စနစ်တကျ သင်ယူခဲ့ရမယ်ဆိုရင် သူတို့တွေက နောက်တချိန်မှာ နိုင်ငံကို ဉီးဆောင်မယ့် ခေါင်းဆောင်တွေ ဖြစ်မယ်။ နိုင်ငံရေးအသိ ကြွယ်ဝမှု တိုင်းပြည်ကို ဦးဆောင်နိုင်မယ်။ နိုင်ငံတကာနဲ့ ယှဉ်ရင် အများကြီး နောက်ကျမယ်။ ပညာရေး အနေနဲ့ အများကြီး ဆုံးရှုံးမှု ရှိပါတယ်"လို့ မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်မှာ ပါဝင်တဲ့ ဆရာတဦးက ပြောပါတယ်။

ခေတ်အဆက်ဆက် အာဏာရှင်တွေဟာ ဒီမိုကရေစီ သင်ကြားမှုကို ကြောက်လန့်ပြီး စာသင်ကျောင်းတွေမှာ စစ်ကျွန်ပညာရေး စနစ်ကိုသာ ဖော်ဆောင်ခဲ့ကြတာပါ။ 

မြန်မာနိုင်ငံကိုလည်း ရွှေရည်စိမ် ဒီမိုကရေစီသာ ပေးခဲ့ပြီး အာဏာမသိမ်းခင် ၅ နှစ်တာ အရပ်သား အစိုးရ လက်ထက်မှာ ပညာရေးကဏ္ဍ အနည်းငယ် တိုးတက်လာခဲ့တယ်လို့ ပညာရေး အသိုက်အဝန်းက ပြောပါတယ်။

CDM တက္ကသိုလ် ဆရာမတဦးက "အာဏာမသိမ်းခင် ၅ နှစ်ကာလမှာ ပညာရေးကဏ္ဍက အများကြီး တိုးတက်လာခဲ့တယ်။ စာကြည့်တိုက်တွေ တိုးတက်လာတယ်။ အင်တာနက် ရတာတွေရော အများကြီး တိုးတက်လာတယ်။ ဆရာ ဆရာမတွေအတွက်ကော ကျောင်းသားတွေအတွက်ကော exchange program တွေ စကော်လာရှစ် ပရိုဂရမ်တွေ အများကြီး ရှိလာတယ်။ ဒါကြောင့်မို့ ပညာရေးကဏ္ဍမှာလည်း CDM တွေ အများကြီး ပါဝင်လာခဲ့တယ်။ ဒါပေမဲ့ သူတို့က နဂိုတည်းက ဘယ်တုန်းကမှ ဒီမိုကရေစီကို အားမပေးခဲ့ဘူး။ critical thinking ကို အားမပေးဘူး။ ပြန်မေးခွန်းထုတ်တာ မကြိုက်ဘူး။ ဒါကြောင့် သူတို့လုပ်တဲ့ ပညာရေးက ဘယ်တော့မှ ကောင်းမွန်မှာ မဟုတ်ဘူး။ student central ဖြစ်မှာ မဟုတ်ဘူး။ ဒါမေးဒါကျက်ပဲ ဖြစ်မယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက ကျောင်းသားအများစုဟာ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ခဲ့ကြပြီး CDM ပြုလုပ်ခဲ့ကြတာ အခုဆိုရင် ၂ နှစ်နီးပါး ရှိပါပြီ။ တနိုင်ငံလုံးမှာ CDM လုပ်ထားတဲ့ ဆရာ၊ ဆရာမနဲ့ ကျောင်းသားဦးရေ သန်းနဲ့ချီ ရှိတယ်လို့ ကြားကာလ ပညာသင်ကြားရေး အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။

လက်ရှိ စစ်ကောင်စီ လက်အောက်မှာ ကျောင်းပြန်တက်နေတဲ့ Non CDM ကျောင်းသားတွေလည်း ရှိလာပါတယ်။ ထိုင်းမှာ GED ပညာရေး လေ့လာနေတဲ့ ကျောင်းသားတဦးကတော့ ဒီမိုကရေစီကို ကျောင်းသားတွေ မသိအောင် စစ်ကောင်စီက ပိတ်ပင်လိုက်တာလို့ သူ့အမြင်ကို ပြောပါတယ်။

GED ပညာရေး လေ့လာနေတဲ့ ကျောင်းသားတဦးက "ဒီမိုကရေစီဆိုတာ သိလာရင် ပုန်ကန်ဖို့ဆိုတာ အမြဲတမ်း ပြန်ဖြစ်လာမှာဆိုတော့ ဒီမိုကရေစီရဲ့ စာလုံးကို ဖျောက်ပစ်လိုက်တာပေါ့။ ကျနော်တို့ ဒေသက ကျောင်းဆက်တက်လို့ မရဘူး။ သူတို့ အုပ်ချုပ်နေတဲ့အောက်မှာလည်း မတက်ချင်ဘူး။ အဲဒါကြောင့် ထိုင်းမှာလာပြီး GED တက်နေတာ။ GED သင်ကြားတာက အမေရိကန်နဲ့ဆိုင်တဲ့ ဒီမိုကရေစီတို့ တော်လှန်ရေးတွေတို့ သင်တဲ့ သမိုင်းထဲမှာဆို သင်ရတယ်။ ပြီးတော့ ဒီမိုကရေစီရဲ့ သမိုင်းကြောင်းကို ပိုပြီး သင်ရတယ်။ ဒီမိုကရေစီဆိုတာ မျှမျှတတဖြစ်တဲ့ ဥပဒေတခုလို့ပဲ ထင်တယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ တနိုင်ငံလုံးရဲ့ ကျောင်းသား ၉၀ ရာခိုင်နှုန်းဟာ CDM ပြုလုပ်ခဲ့ကြတယ်လို့ ပြောဆိုထားပြီး ကြားကာလ ပညာရေး အစီအစဉ်တွေကို NUG ထိန်းချုပ်နယ်မြေတွေမှာ သင်ကြားပေးနေပါတယ်။ NUG က ဖွင့်လှစ်ထားတဲ့ ကျောင်းပေါင်း ၄၃၀၀ ကျော်ရှိပြီး ကျောင်းသား ဦးရေ ၈၉၀,၀၀၀ ကျော် ရှိတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

13 hours Ago

May 28, 2022

စစ်ကျွန်ပညာရေးစနစ်အောက် ကျောင်းတက် သင့်၊ မသင့် အမြင်သဘောထားကွဲလွဲနေ

အာဏာသိမ်းစစ်ကောင်စီ ဖွင့်လှစ်တဲ့‌ စာသင်ကျောင်းတွေမှာ ကျောင်းသားလူငယ်တွေ ကျောက်တက် ပညာသင်ဖို့ မသင်ဖို့နဲ့ပတ်သက်ပြီး ကျောင်းသားမိဘတွေ၊ စစ်ကျွန်ပညာရေး သပိတ်မှောက် ကျောင်းသားတွေ၊ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တဲ့အနေနဲ့  ကျောင်းမတက်ဘဲနေကြဖို့ လှုံဆော်တိုက်တွန်းကြသူတွေအကြား အတွေးအမြင်မတူ ကွဲပြားနေကြ ပါတယ်။

စစ်ကောင်စီက ဒီနှစ်အတွက် အခြေခံပညာကျောင်းတွေမှာ ကျောင်းသူ ကျောင်းသားတွေကို ကျောင်းအပ်စတင်လက်ခံနေပြီး အခုအချိန်ထိ ကျောင်းသား ၃ သိန်းဝန်းကျင် လာအပ်ကြတာကြောင့် မနှစ်ကထက် ပိုများနိုင်တယ်လို့ သတင်းတွေထွက်နေတာပါ။

အာဏာသိမ်းစစ်ကောင်စီဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေမှာ ကျောင်းတက်စာသင်တာက ဖက်ဆစ်သန္ဓေပဲ စွဲကပ်လာလိမ့်မယ်လို့ အခြေခံနဲ့ အဆင့်မြင့်ပညာရေး အထွေထွေသပိတ်ကော်မတီ ဗဟိုအလုပ်အမှုဆောင်တယောက်က ပြောပါတယ်။

အခြေခံနဲ့ အဆင့်မြင့်ပညာရေး အထွေထွေသပိတ်ကော်မတီ ဗဟိုအလုပ်အမှုဆောင် ဦးဖြိုးဝေအောင်က “ကျနော်တို့လည်း ဒီဘက်မှာ ကြားကာလကျောင်းတွေ၊ ဖက်ဒရယ်ကျောင်းတွေ ဖွင့်ပေးနေတယ်။ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကဖွင့်တဲ့ စစ်ကျွန်ပညာရေးကျောင်းတွေထက် ပိုကောင်းတဲ့ ပညာရပ်တွေကို  တတ်မြောက်အောင် သင်ကြားပေးနေတဲ့ CDM ဆရာ၊ ဆရာမတွေနဲ့ သင်ကြားရမှာပါ။ ကျနော်ပြောလိုက်တဲ့အထဲမှာ ဖက်ဆစ်စစ်တပ်ရဲ့ စစ်ကျွန်ပညာရေးလို့ ပြောခဲ့တယ်။ ကျနော်တို့ရဲ့ မိဘတွေထဲမှာ တချို့ ဖုန်းတောင်ဝယ်မကိုင်နိုင်တဲ့ ရရစားစားမိဘတွေ ရှိကြတယ်။ ကလေးရဲ့ ပညာရေးအတွက် ဒီဘက်မှာ တော်လှန်သောအဖွဲ့အစည်းတွေရဲ့ ကြားကာလသင်ကြားရေးတွေကို အပ်နှံချင်သော်လည်း မိမိတို့ရဲ့လက်ရှိအခြေအနေအရ မအပ်နှံနိုင်ရှာကြဘူး။ အဲဒါနဲ့ပဲ စစ်ကျွန်ပညာရေးအောက် ခေါင်းလျှိုးဝင်ရောက်ခဲ့ကြရတဲ့ လက်လုပ်လက်စားမိဘတွေရှိကြတယ်။ မိမိတို့ ကလေးတွေ ပညာမသင်ခဲ့ရတာ သုံးနှစ်လောက်ရှိပြီဆိုတဲ့စိတ်နဲ့ စစ်ကျွန်ပညာရေးအောက်ကို ခေါင်းငုံ့ဝင်ရောက်နေတဲ့မိဘတွေ ရှိတယ်။ သပိတ်မမှောက်နိုင်သရွေ့တော့ စစ်ကျွန်ပညာရေးရဲ့ ဆိုးယုတ်မှုတွေကို ခံစားနေရဦးမှာပဲ။ နောင်လာမယ့် အနာဂတ်ကလေးတွေအတွက်တော့ ခင်ဗျားတို့ ဘဝတွေ၊ ခင်​ဗျားတို့ ကလေးတွေရဲ့ အနာဂတ်တွေကို အထိုက်အလျောက်တော့ စတေးသင့်ရင် စတေးရမယ်။ ဒါဟာ ကလေးတွေကို အဆုံးစွန်သော ချစ်ပြခြင်းလို့ ကျနော်ကတော့ မှတ်ယူတယ်” လို့ပြောပါတယ်။

ဒီလို လုပ်နေကြသရွေ့တော့ စဉ်းစားတွေးခေါ်တာတွေ လုပ်လို့မရနိုင်တဲ့ စစ်ကျွန်ပညာရေးဟာ သက်ဆိုးရှည် ဦးမော့နေဦးမယ်လို့ သူက ဆိုပါတယ်။

ရန်ကုန်ဒေသခံ ကျောင်းသားမိဘတယောက်က “ကိုဗစ်တုန်းကတော့ ကျောင်းမလွှတ်ကြတာတွေ ရှိတာပေါ့။ ပြီးတော့ အာဏာသိမ်းပြီးစတုန်းက ဒီတော်လှန်ရေးကြီး မြန်မြန်ပြီးမယ်လို့လည်း မျှော်လင့်ကြတော့ ကျောင်းမထားခဲ့ကြဘူး။ ဒါပေမဲ့ ကြာလာတော့ ကလေးတွေကို အပြင်မှာ မလေလွင့်အောင်ရယ်၊ ပတ်ဝန်းကျင်မှာလည်း ကျောင်းအပ်ကြတော့ အပ်ဖြစ်သွားတာ။ ဘယ်လောက်ပဲ ကျောင်းအပ်ကြတယ်လို့ ပြောပြော ကျောင်းအပ်ဖို့ အဆင်မပြေတဲ့ ဒေသတွေတော့ ရှိနေကြဦးမှာပဲ” လို့ ပြောပါတယ်။

တော်လှန်ရေးပြီးသွားရင် အခု တက်ထားတဲ့ အတန်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်လာဦးမယ် ဆိုတာတော့ မတွေးထားဘူးလို့လည်း သူက ဆိုပါတယ်။ 

ဦးဖြိုးဝေအောင်ကတော့ အခြေအနေအကြောင်းကြောင်းကြောင့် ကျောင်းမတက်နိုင်ကြတဲ့ ကလေးတွေအတွက် အရေးတော်ပုံအောင်မြင်ပြီးချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရက ကြိုတင်ပြင်ဆင်ထားတာတွေ ရှိတယ်လို့ ပြောပါတယ်။

“ဖုန်းကောင်းကောင်းတလုံးရှိလို့ တော်လှန်ရေးကျောင်းတက်နေရသူထက် မလျော့သော အခွင့်အရေးတွေနဲ့ မိဘပြည်သူတို့ရဲ့ သားငယ်၊ သမီးငယ်လေးတွေကို အရေးတော်ပုံပြီးတဲ့နောက် ကျောင်းထားနိုင်ဖို့ ပြင်ဆင်ထားကြပါတယ်။ NUG က အရေးတော်ပုံပြီးချိန်မှာ ကျောင်းသားတယောက်ရဲ့ စံစွမ်းရည်ကို အခြေခံတဲ့ အတန်းကူးပြောင်းပေးတဲ့စနစ်၊ အတန်းကျော်စနစ်ကိုကျင့်သုံးပြီး အသက်နဲ့ညီမျှတဲ့ အတန်းကို တင်ပေးမှာဖြစ်ပါတယ်။ ဒီလို  အတန်းတင်ပေးရာမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လိုအပ်ချက်ကို သိနိုင်ဖို့ အရည်အချင်း စစ်ဆေးတာတွေကိုလည်း လုပ်မှာဖြစ်ပါတယ်” လို့ပြောပါတယ်။

၂၀၂၁-၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေမှာ မေ ၂၆ ရက်က စတင်ကျောင်းအပ်လက်ခံနေရာမှာ  စတင်လက်ခံတဲ့နေ့မှာပဲ နေပြည်တော်မှာ ကျောင်းအပ်သူ အရေအတွက်ဟာ အရင်နှစ် ပညာသင်နှစ်ထက် များပြားလာတယ်လို့ ကျောင်းသားမိဘတွေထံက သိရပါတယ်။ 

နေပြည်တော်မှာနေတဲ့ ၈တန်းကျောင်းသားတဦးရဲ့ မိဘဖြစ်သူက "မနှစ်တုန်းကတော့ မအပ်ခဲ့ပါဘူး။ ကိုဗစ်နဲ့ ဘာနဲ့ဆိုတော့၊ အခုဆို သူကျောင်းမတက်ရတာ ကြာနေပြီ။ အပြင်က‌နေသင်ဖို့တို့ ဘာတို့ကျ‌တော့ အမတို့က မတတ်နိုင်ဘူး။ အဲ့လောက်လည်း မသိဘူးလေ။ သူ့ပညာရေးအတွက်ပဲ ကျောင်းပြန်ထားဖြစ်တာပါ။”လို့ပြောပါတယ်။

ကျောင်းအပ်စတင်လက်ခံတဲ့ နေပြည်တော်အတွင်းက အခြေခံပညာကျောင်းတွေမှာလည်း ကျောင်းအပ်နှံသူ များပြားခဲ့သလို မနှစ်ကအတိုင်း ကျောင်းမအပ်တဲ့ မိဘတချို့လည်း ရှိနေပါသေးတယ်။

"အစ်ကိုတို့လည်းကလေးကို ပညာတတ်ကြီး ဖြစ်စေချင်တာပေါ့။ ဒါပေမဲ့ ဒီပညာရေးစနစ်ကြီးနဲ့တော့ မကြီးပြင်းစေချင်ဘူး။ ပြီးတော့ ကျောင်းတက်ချင်ရက်နဲ့ မတက်ရတဲ့ ဒေသတွေက ကလေးတွေကိုလည်း အားနာတယ်။ အဲဒါကြောင့် ကျောင်းမအပ်ဖြစ်တာပါ။ လာမယ့်နှစ်တွေအတွက်တော့ မပြောတတ်‌သေးပေါ့” လို့ မိဘတဦးက ပြောပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာတော့ လုံခြုံရေးအခြေအနေ စိုးရိမ်တာကြောင့် မိဘတွေက ကလေးတွေကို ကျောင်းမအပ်ရဲကြဘူးလို့ ကျောင်းသားမိဘတချို့က ပြောပါတယ်။

ရေးမြို့နယ်နေ ကျောင်းသားမိဘတဦးက “ပြီးခဲ့တဲ့နှစ်ကလည်း စစ်အာဏာရှင်ကို အာဏာဖီဆန်လို့ ကျောင်းသားအများစု ကျောင်းကို မတက်ရောက်နိုင်ခဲ့ဘူး။ အခုပညာသင်နှစ်မှာတော့ ကလေးရဲ့ ပညာရေးတွေ ထပ်ပြီး မဆုံးရှုံးစေချင်ဘူး”လို့ပြောပါတယ်။

မန္တလေးတိုင်း မိတ္ထီလာခရိုင်ထဲက ဝမ်းတွင်း၊ သာစည် မလှိုင်၊ မိတ္ထီလာမြို့နယ် ၄ ခုမှာ မေလ ၂၆ ရက်က ကျောင်းအပ် စတင်လက်ခံသည့်နေ့ တနေ့တည်းမှာ ကျောင်းသားကျောင်းသူ ၃၀၀၀၀ လောက် လာရောက်အပ်နှံ သွားတယ်လို့ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မိတ္ထီလဒေသခံ ကျောင်းသားမိဘတစ်ဦးက"တတ်နိုင်သူတွေကတော့ အစိုးရကျောင်းမထားလည်း အပြင်မှာ စာသင်ပေးထားကြတယ်။ ကျနော်တို့က ငွေကြေးမတတ်နိုင်တော့ အပြင်မှာလည်းမထားနိုင်ဘူး။ ဒီနှစ်တော့ ကျောင်းအပ်လိုက်တယ်။ တက်ဖြစ်မယ် မတက်ဖြစ်ဖူးတော့ မသိသေးဘူး။ အပ်ထားလိုက်တာပါ"လို့ ပြောပါတယ်။

ကျောင်းသား ကျောင်းသူပေါင်း ၁၆၀,၀၀၀ လောက်ရှိတဲ့  မိတ္ထီလာခရိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ခုနှစ် ပညာသင်နှစ်တုန်းက  ကျောင်းအပ်သူ ၁၃၀၀၀၀  လောက်ရှိခဲ့ပြီး ကျောင်းတက်သူ ၁၀၀,၀၀၀ လောက်ရှိခဲ့ပါတယ်။

တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ် စတဲ့ ဒေသတွေမှာတော့ စစ်ကောင်စီတပ်တွေက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ အပါအဝင်  ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာသူရွာသားတွေ စစ်ဘေးရှောင်နေကြရပြီး ကလေးငယ်တွေ ပညာသင်ယူခွင့်ဆုံးရှုံးနေကြတာပါ။ 

မနှစ်က အခြေခံပညာစာသင်ကျောင်းတွေ ပြန်ဖွင့်ချိန်မှာ ကျောင်းလာအပ်တဲ့ ကျောင်းသား ဦးရေ ၄၇ သိန်းကျော်ရှိပြီး ကျောင်းတက်သူ ၃၃ သိန်းရှိတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ပညာရေးဌာနက ကျောင်းအပ်နှံရေးသီတင်းပတ်ကို   မေလ ၂၆ ကနေ ဇွန် ၁ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပြီး ဇွန် ၂ ရက်နေ့ ကျောင်းဖွင့်မှာလည်း ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးက (NUG) ကတော့ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့အတွက် စာသင်ကျောင်းတွေပြန်ဖွင့်တာနဲ့ စစ်ကောင်စီရဲ့ ပညာရေးလုပ်ဆောင်မှုတွေကို အသိအမှတ်မပြုတဲ့အကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး ပြန်လည်ကျင်းပတဲ့  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲမှာတော့  နိုင်ငံတဝန်း ကျောင်းသား ၁၀ သိန်းလောက်ရှိတဲ့အထဲ ၂၈၀,၀၀၀  လောက်သာ ဝင်ရောက်ဖြေဆိုခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အခုလို စစ်ကောင်စီကစီစဉ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို မဖြေဆိုပဲ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ခဲ့တဲ့ ကျောင်းသူကျောင်းသား ၇ သိန်းကျော်ကို သမိုင်းတွင်မယ့် ကျောင်းသားတွေအဖြစ် အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ အသိအမှတ်ပြု၊ အလေးပြု၊ ဂုဏ်ပြုတယ်လို့ NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြာထားပါတယ်။  

9 months Ago
Up