ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ မေလ ၂၂ ရက်နေ့ မနက်ပိုင်းက ဒေသခံလူငယ်တွေက စစ်ကျွန်းပညာရေးစနစ် အလိုမရှိကြောင်း သွေးမတိတ် ဆေးသပိတ်ပြုလုပ်ကာ ဆန္ဒပြခဲ့ကြပါတယ်။
မအူပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ လက်နက်ကိုင်တွေက ကျေးရွာ ရပ်ကွက်တွေထဲထိ တပ်စွဲတာတွေရှိလာပြီးနောက်ပိုင်း ဒေသခံလူငယ်တွေက ရတဲ့နည်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်လာခဲ့ကြတာပါ။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်က လူငယ်တွေဟာ မေလ ၂၂ ရက်နေ့မှာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်တွေကတော့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းပြီး ကျောင်းဖွင့်ဖို့လုပ်နေတဲ့ Non CDM ဆရာ၊ ဆရာမတွေကို ပြစ်တင်ရှုတ်ချခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းမတက်ကြဖို့ တိုက်တွန်းပါတယ်။
ပေါင်မြို့နယ်က လူငယ်တွေဟာ အာဏာသိမ်း စစ်ကောင်စီကို သပိတ်မျိုးစုံပြုလုပ်ပြီး နေ့စဉ် ရက်ဆက် ဆန္ဒထုတ်ဖော်နေကြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွေး ကြေးမုံရွာမှာ မေ ၁၀ ရက်က CDM ဆရာ၊ ဆရာမတွေ ကျောင်းသားကျောင်းသူတွေနဲ့ မိဘပြည်သူတွေ စုပေါင်းထားတဲ့ မုံရွေး ကြေးမုံ လူထုသပိတ်စစ်ကြောင်းက စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ပါတယ်။