ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ Happy KTV မှာ ရာထူးတိုးအထိမ်းအမှတ် လာရောက်ပျော်ပါးနေတဲ့ စစ်ကောင်စီရဲ့ တပ်မမှူးနဲ့ အပေါင်းပါတွေကို ဧပြီ ၂၃ ရက် ဒီနေ့မနက် ၄ နာရီလောက်မှာ ကေအိုင်အေတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာမှာ အရာရှိတဦးအပါအဝင် ၅ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် သေဆုံးသွား ၅ ယောက်ထဲမှာ တပ်မ ၃၃ လက်အောက်ခံ ခလရ ၁၃ ကစစ်ကြောင်းမှူး ဇော်မိုင်းအပါအဝင် စစ်ကြောင်းမှူးရဲ့ချစ်သူ မမီးမီး၊ ရဲဝန်ထမ်းဟောင်း ဦးကိုလတ်ရဲ့ဇနီးနဲ့ လုံးခင်းကျေးရွာက လောပန်းဦးဘတုတ်တို့ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ KTV ဝန်ထမ်းတဦးက ပြောပါတယ်။
ဒါ့အပြင် အပြင်းအထန် ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပြီး ရဲဝန်ထမ်းဟောင်း ဦးကိုလတ်ကတော့ ပေါင်မှာ ထိမှန်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
KTV ဝန်ထမ်းတဦးက " 777 သုံးလုံးအခန်းမှာ မနက်၄ နာရီလောက်က ဖြစ်သွားတာပါ။ စစ်ကြောင်းမှူးနဲ့ လေးယောက်လောက်ကတော့ အခန်းထဲမှာပဲ ပွဲချင်းပြီး သေသွားတာ။ တခြားဒဏ်ရာ ပြင်းထန်တဲ့သူတွေများတယ်။ ရဲပြုတ်ကိုလတ်မိန်းမလည်း သေသွားတယ်။ ကိုလတ်ကတော့ပေါင်ထိသွားတာ အခုရန်ကုန်ချက်ချင်းဆင်းသွားပြီလို့ ပြောပါတယ်"လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ စစ်ကြောင်းမှူးဇော်မိုင်းရဲ့ ရာထူးတိုး ဂုဏ်ပြုပွဲပြုလုပ်ခဲ့တာလို့ သိရပြီး ၊ အဲဒီပွဲကို တပ်မမှူး ကိုယ်တိုင်စီစဉ်ပေးတာလို့လည်း အမည်မဖော်လိုသူ လွတ်မြောက်လာတဲ့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
တပ်မမှူးကတော့ သီးသန့်ခန်းမှာ ပျော်ပါးနေခဲ့တာကြောင့် ဘာမှမဖြစ်ခဲ့ဘူးလို့လည်း အဆိုပါလုပ်ငန်းရှင် ပြောပါတယ်။
"ဒီပွဲက စစ်ကြောင်းမှူးရာထူးတိုးလို့ တပ်မမှူးကိုယ်တိုင် ဂုဏ်ပြုပွဲလုပ်ပေးတာ။ ဒီက လုပ်ငန်းရှင်တွေတော်တော်များများလည်းလာကြတယ်။ အဘတပ်မမှူးကြီးကတော့ တခြားသီးသန့်ခန်းမှာ ဆိုတော့ ဘာမှမဖြစ်ပါဘူး။ စစ်ကြောင်းမှူးတို့ နေတဲ့အခန်းမှာပပြ ဖြစ်သွားတာပါ "လို့ လုပ်ငန်းရှင်က ပြောပါတယ် ။
အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကေအိုင်အေဘက်ကတော့ တစုံတရာထုတ်ပြန်ခြင်းမရှိသေးသလို စစ်ကောင်စီတပ်ဘက်ကိုလည်း အတည်ပြုချက်ရယူဖို့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး ။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်ကလည်း ဖားကန့်မြို့ လုံးခင်းအုပ်စု မှော်စီစာ ကျေးရွာရှိ SKY ဟိုတယ်ရှိ KTV ခန်းမှာ လာရောက်ပျော်ပါးနေတဲ့ စစ်ကောင်စီအရာရှိတယောက်ကို အခုလို ဖောက်ခွဲပစ်ခတ်ခဲ့လို့ အဆိုပါအရာရှိဟာ KTV အခန်းတွင်းမှာပဲ သေဆုံးခဲ့ပါတယ်။
အခုပစ်ခတ်မှုဖြစ်ပွားတဲ့ Happy KTV ရဲ့ ဆိုင်ခွဲဖြစ်တဲ့ မြစ်ကြီးနားမြို့ ရွှေလမ်းမကြီးပေါ်က Happy KTV မှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မနက်က ကေအိုင်အေအရာရှိ ၇ ဦးနဲ့တပ်ဖွဲ့ဝင် ၉ ဦးစုစုပေါင်း ၁၆ ဦးကို စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။
မောခီးစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းမှူးနဲ့ တပ်ကြပ်တယောက်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)ဗဟိုက ထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲ၊ မောခီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၂၀၁ နဲ့ DKBA၊ KNDO တပ်တွေပူးပေါင်းပြီး မတ် ၂၁ ရက်က တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။
မောခီးစခန်းကို တိုက်ခိုက်သိမ်းယူချိန်မှာအာဏာသိမ်းစစ်ကောင်စီတပ်ဘက်က တယောက် သေဆုံး၊ တယောက်ကို ဖမ်းမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများစုကထွက်ပြေးသွားတဲ့အတွက် စခန်းမှာ ကျန်ရစ်ခဲ့တဲ့ လက်နက်အများအပြားကို ကေအန်ယူက သိမ်းဆည်းရမိခဲ့ပါတယ်။
ထွက်ပြေးသွားတဲ့ အာဏာသိမ်း စစ်ကောင်စီ တပ်သားတွေကို ဒုဗိုလ်မှူးကြီး စောဘူးဖေါရဲ့အစီအစဉ်နဲ့ လိုက်လံဖမ်းဆီးခဲ့ရာမှာ မတ် ၂၂ ရက်မှာ ခမရ ၅၅၅ ရဲ့ စစ်ကြောင်းမှူး စန်းယုနဲ့ တပ်ကြပ် တယောက်ကို ထပ်မံဖမ်းမိခဲ့ပါတယ်။
မောခီးတပ်စခန်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ခလရ ၃၂၊ စကခ ၁၃ ရဲ့ လက်အောက်ခံ ခမရ ၅၅၅ တပ်ဖွဲ့တို့ တပ်စွဲနေတာဖြစ်ပြီး KNLA တပ်ရင်း ၂၀၁ ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဘူးဖေါက သိမ်းပိုက်ဖို့ စီစဥ်ဆောင်ရွက်ခဲ့တာလို့ ကေအန်ယူက ပြောပါတယ်။
DKBA တပ်ရင်းမှူး တယောက်နဲ့ လက်တွဲတိုင်ပင်ပြီး ရက်အနည်းအငယ်အတွင်း တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO တပ်ဖွဲ့ဝင်တချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
မတ် ၂၁ ရက် တရက်တည်းမှာပဲ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်ထဲမှာ တိုက်ပွဲ ၄ နေရာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့တပ်တွေဟာ ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်ခတ်နေပါတယ်။
မတ် ၂၄ ရက် မနက် ၅ နာရီလောက်က စစ်ကောင်စီတပ်တွေက ကော့ကရိတ်မြို့နယ် နိုဖိုး ထီးမူးထာ ကျေးရွာတို့ကို လက်နက်ကြီးတွေနဲ့ပစ်လို့ အမျိုးသမီးငယ်တယောက် ထိမှန်သေဆုံးပြီး နောက်ထပ် ပြည်သူ ၃ ယောက် ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့လည်း ကေအန်ယူကနေ သိရပါတယ်။