close

စစ်ခုံရုံး

close

March 1, 2023

အင်းတော်စစ်ခုံရုံးက လူငယ် ၁ ဦးကို ထောင်ဒဏ်တသက်တကျွန်း အမိန့်ချ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ စစ်ခုံရုံးကနေ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ   ဒေသခံလူငယ်တယောက်ကို PDF လို့ စွပ်စွဲပြီး ထောင်ဒဏ်တသက်တကျွန်း အမိန့်ချလိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အသက် ၂၆ နှစ်အရွယ် ကိုမင်းမင်းဦး (ခ) ကိုလမင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့က အင်းတော်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးပြီး PDF လို့ စွပ်စွဲကာ ပုဒ်မ-၅၀(ည) နဲ့ စစ်ကောင်စီက အမှုဖွင့် အရေးယူထားတာပါ။

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာတော့ အင်းတော်မြို့ စစ်ခုံရုံးကနေ ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်တာလို့ အင်းတော်ဒေသခံ အမျိုးသားတဦးက ဒီဗွီဘီကို ပြောပါတယ်။

PDF လို့ စွပ်စွဲဖမ်းဆီးခံရသူ ကိုမင်းမင်းဦးဟာ အင်းတော်မြို့နယ် နဘားကျေးရွာအုပ်စု ကမ်းနီရွာသားဖြစ်ပြီး တောထဲမှာ မီးသွေးဖုတ်တဲ့အလုပ် လုပ်ကိုင်ကာ မိဘကို ရှာဖွေလုပ်ကိုင် ကျွေးနေသူ ဖြစ်ပါတယ်။

အင်းတော်မြို့နယ်မှာ စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာပြီးနောက် စစ်ခုံရုံးကနေ ပုဒ်မ-၅၀ (ည) နဲ့ ထောင်ဒဏ်တသက်တကျွန်း အမိန့်ချခဲ့တာဖြစ်ပါတယ်။

5 mins Ago

February 15, 2023

အရှေတောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိ ၃ ဦးကို ဖမ်းဆီးပြီး စစ်ခုံရုံးတင် စစ်ဆေးနေ

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ စစ်ဆင်ရေးတွေပြုလုပ်နေတဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ စစ်တပ်အရာရှိ ၃ ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖမ်းဆီးပြီး တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၆(ဂ)၊ ၄၀(၁) နဲ့ စစ်ခုံရုံးမှာ စစ်ဆေးနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အထက်အရာရှိအမိန့်ကို မနာခံတဲ့အတွက် အမှတ် ၉၀၄ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဒုဗိုလ်မှူးကြီး ပြည်ဖြိုးမောင်၊ အမှတ် ၅ စစ်မြေပြင်ဆေးတပ်ရင်းမှ ဗိုလ်မှူးသန်းနိုင်အေးနဲ့ အမှတ် ၁၀၂ ခြေမြန်တပ်ရင်းမှ ဗိုလ်မှူးနိုင်နိုင်ဇော်တို့ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဖမ်းထားတာတော့ ကြာပြီ၊ ပုဒ်မ ၃၆(ဂ) က စစ်ပုန်ကန်မှု၊ ပြစ်မှုထင်ရှားရင် သေဒဏ်၊ ပုဒ်မ ၄၀(၁) က အထက်အရာရှိအမိန့် ဖီဆန်မှု ထောင် ၁၄ နှစ်ရှိတယ်။”

ဖမ်းဆီးထားတဲ့ အရာရှိ ၃ ဦးကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုလက်အောက်ခံ အမှတ် ၄၀၉ ခြေမြန်တပ်ရင်းမှာ စစ်ဆေးနေတာလို့ စစ်ဘက်နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အရာရှိတွေက မော်လမြိုင်ကဆိုတော့ အဲ့မှာမထားဘူး၊ သရက်ချောင်းမြို့အခြေစိုက် ခမရ ၄၀၃ တပ်ထဲမှာ စစ်နေတာ။ ၄၀၉ တပ်က လူတွေရောပါတယ်။ ပြောရရင် အချင်းချင်း ညီညွတ်မှုမရှိတော့တာ။”

အဆိုပါ ဖမ်းဆီးခံရသူတွေမှာ ကရင်ပြည်နယ်၊ ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ အတွင်းမှာရှိတဲ့ မဲသလောက်စစ်အခြေစိုက်စခန်းကို ပြန်လည်သိမ်းယူဖို့ တာဝန်ပေးရာမှာ ပျက်ကွက်ခဲ့တဲ့အတွက် အရာရှိသုံးဦး ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

အမှတ် ၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီးလစာ စတင်ခံစားနေတဲ့ ဗိုလ်မှူးပြည့်ဖြိုးမောင်မှာ အရင်က မိမိတပ်ရင်းမှ ထွက်ပြေးခဲ့တဲ့ တပ်သားတွေကိစ္စပါ ဖြေရှင်းရမယ်လို့ သိရပါတယ်။

စစ်ပုန်ကန်မှုဥပဒေပုဒ်မ ၃၆(ဂ) မှာ စစ်ပုန်ကန်မှုတခုခု ဖြစ်ပွားရာမှာ ရှိနေလျက်နှင့် အဆိုပါစစ်ပုန်ကန်မှုကို နှိမ်နင်းဖို့ မိမိရဲ့ တတ်စွမ်းသမျှ ကြိုးစားအားထုတ်မှုကို မပြုဘဲနေလျှင် သေဒဏ်ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ တပ်မတော်အက်ဥပဒေပုဒ်မ ၄၀(၁) မှာ မိမိအထက်အရာရှိက တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် နှုတ်နဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ ကြေးနန်း (သို့) အခြားနည်းနဲ့ဖြစ်စေ ပေးအပ်တဲ့အမိန့်ကို အာဏာဖီဆန်ရာရောက်တဲ့ အမူအရာဖြင့် အာဏာဖီဆန်လျှင် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။

2 weeks Ago
Up