close

စစ်ခေါင်းဆောင်ပြော

close

August 17, 2022

၆ လအတွင်း စီးပွားရေး ဦးမော့လာအောင်လုပ်နေ၊ စက်သုံးဆီ ရုရှားကလာနေပြီ စိုးရိမ်စရာမလိုဟု စစ်ခေါင်းဆောင်ပြော

စက်သုံးဆီ စိုးရိမ်ပူပန်ရန်မလိုကြောင်း၊ ဝိသမ လောဘသားတွေ ဈေးကစားလို့ ငွေကြေး မတည်ငြိမ်တာဖြစ်ကြောင်းနဲ့ ၆ လတာအတွင်း နိုင်ငံရေး၊ စီးပွားရေး ဦးမော့လာအောင်  ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

ဩဂုတ် ၁၆ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ဖြစ်ပါတယ်။

စက်သုံးဆီနဲ့ ပတ်သက်လို့  အခုလကုန်အထိ လုံလောက်စွာရှိပြီးဖြစ်ကြောင်း၊ ရုရှားနိုင်ငံမှ ဝယ်ယူထားတဲ့ စက်သုံးဆီတွေ အခုလကုန်ပြီး မကြာမီ ဆက်တိုက်ဝင်ရောက်လာမှာဖြစ်လို့ စက်သုံးဆီနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ဖို့မလိုကြောင်း၊ စက်သုံးဆီဈေးနှုန်းကို ကုန်သည်တွေက ဈေးကစားနေတာဖြစ်ပြီး သတ်မှတ်ချက် အတိုင်း ရောင်းချပေးဖို့ ညွှန်ကြားထားပြီးကြောင်း စစ်ခေါင်းဆောင်က ဆိုပါတယ်။

စက်သုံးဆီနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ဖို့မလိုဘူးလို့ စစ်ခေါင်းဆောင်က ပြောနေပေမဲ့ လက်တွေ့ မြေပြင်မှာတော့ ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတဝန်း နယ်မြို့တွေမှာပါ စက်သုံးဆီ ရှားပါးပြတ်လပ်၊  ဈေးတက်နေပြီး ဆီဆိုင်တွေကလည်း အကန့်အသတ်နဲ့သာရောင်းချပေးနေလို့ ပြည်သူတွေ အခက်ကြုံနေရပါတယ်။ 

ပြည်တွင်းနိုင်ငံခြားငွေကြေး လဲလှယ်နှုန်းနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရှိ ဘဏ်အားလုံးရဲ့ ဝင်ငွေထွက်ငွေအခြေအနေ၊ နိုင်ငံခြားကုန်သွယ်မှု ဝင်ငွေထွက်ငွေ အခြေအနေတို့ အပေါ်တွင်မူတည်ကာ ဗဟိုဘဏ်က တွက်ချက်သတ်မှတ်တာဖြစ်ကြောင်း၊ ဝိသမ လောဘသားတွေ ဈေးကစားလို့ ငွေကြေးတည်ငြိမ်မှုမရှိခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာမှာလည်း စီးပွားရေးကျဆင်းမှု တွေ့ကြုံနေကြရကြောင်း၊ အရန် ငွေကြေးနည်းပါးတဲ့ မိမိတို့နိုင်ငံအတွက်လည်းထိခိုက်မှုရှိပေမဲ့ လက်ရှိကုန်သွယ်မှုစနစ်အရ ပြဿနာမရှိနိုင်ကြောင်းလည်း စစ်ခေါင်းဆောင်ကပြောပါတယ်။

ကုန်သွယ်မှု ပြဿနာမရှိကြောင်း စစ်ခေါင်းဆောင်ကပြောနေပေမဲ့  အမေရိကန်ဒေါ်လာနဲ့ လဲလှယ်တဲ့ မြန်မာကျပ်ငွေတန်ဖိုးဟာ စံချိန်တင်ကျဆင်နေတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးတွေ အပါအဝင် ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ အရှုံးပေါ်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေ အခက်အခဲကြုံတွေ့ နေကြရပါတယ်။

ဗဟိုဘဏ်က သြဂုတ် ၈ ရက်က စတင်ပြီး ၁ ဒေါ်လာကို ၂၁၀၀ ကျပ်နှုန်းနဲ့ တရားဝင် တိုးမြှင့်သတ်မှတ်လိုက်ပေမဲ့ လတ်တလော နိုင်ငံခြားငွေ ပြင်ပဈေးကွက်မှာတော့ အမေရိကန် ၁ ဒေါ်လာကို ကျပ်ငွေ ၂၈၀၀ ကနေ  ကျပ် ၃၀၀၀ နီးပါအထိ အရောင်းအဝယ် ဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ငွေလဲလှယ်လုပ်ငန်းလုပ်သူတွေကို စစ်ကောင်စီက ထိန်းသိမ်းထားသလို တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာလည်း ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေ လဲလှယ်နေသူတွေကို စစ်ကောင်စီက ဖမ်းမယ်လို့ သတင်းတွေထွက်နေတာကြောင့် ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူတွေ လုပ်ငန်းရပ်နားထားရပါတယ်။

စစ်ခေါင်းဆောင်ကတော့  တာဝန်ယူတဲ့ တစ်နှစ်ခွဲကာလအတွင်း အခက်အခဲမျိုးစုံကို ဖြတ်ကျော်နိုင်ခဲ့ပြီး  လာမယ့် ၆ လတာကာလအတွင်း နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ဦးမော့လာအောင် ဦးတည်ဆောင်ရွက်နေကြောင်း၊ အခု ၆ လတာ ကာလဟာ အရှိန်အဟုန်နဲ့ မောင်းနှင်ဆောင်ရွက်ရမယ့်ကာလဖြစ်ကြောင်း၊ စီးပွားရေး ဦးမော့လာပြီး နိုင်ငံရေးတည်ငြိမ်အောင် လုပ်ဆောင်ရမယ်လို့ စစ်ကောင်စီအဖွဲ့ဝင်တွေကို တိုက်တွန်း ပြောသွားပါတယ်။

Photo-DSINFO

1 min Ago
Up