ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မော်တော်ဆိုင်ကယ်စီးတဲ့ ပြည်သူတွေကို ယာဉ်ထိန်းရဲတွေသာမက အရန်မီးသတ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီဩဇာခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကပါ စစ်ဆေးဖမ်းဆီး ဒဏ်ငွေတောင်းခံနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ပုသိမ်မြို့ခံတစ်ဦးက “အရင်က ဆိုင်ကယ်ဖမ်းရင် ယာဉ်ထိန်းတွေပဲ ဖမ်းတာ။ အခုက အရန်မီးသတ်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးကလူတွေပါ ဖမ်းတာ။ ဥပဒေမသိသူတွေ ဖမ်းတော့ ဖမ်းချင်သလိုဖမ်း၊ တောင်းချင်သလိုတောင်းကြတာ”လို့ ပြောပါတယ်။
ပုသိမ်မြို့ပေါ်အပြင် ကျေးရွာတွေအထိဆင်းဖမ်းနေပြီး ပြည်သူတွေဆီကနေ နည်းပေါင်းစုံနဲ့ ငွေတောင်းနေတာလို့လည်း ဒေသခံတယောက်က ပြောပါတယ်။
“အခု ဆိုင်ကယ်တွေ စစ်တာဆိုပြီး အကြောင်းအမျိုးမျိုးပြ ချလန်ဖြတ်မယ်ဆို လုပ်တာတွေများတဲ့ ချာလန်မဖြတ်ဖို့ အနိမ့်ဆုံး တစ်သောင်းက နှစ်သောင်းအထိ တောင်းယူတာတွေ လုပ်တာပေါ့။ ချာလန်ဖြတ်ရင် တရားရုံးသွားရရင်အချိန်ကုန်တော့ မသွားချင်ဘူးလေ။”
စစ်တပ်အာဏာသိမ်းပြီးနောက် ပုသိမ်မြို့မှာ ဆိုင်ကယ်ဖမ်းတာတွေ ပိုလုပ်ဆောင်လာကြောင်း၊ အထူးသဖြင့် စက်တင်ဘာနောက်ဆုံးပတ်ကစပြီး ပိုမိုဖမ်းဆီးနေတာဖြစ်ပြီး ယာဉ်စည်းကမ်းဖောက်ဖျက်လို့ တရားရုံးတင်ရင် ဒဏ်ငွေ ကျပ် ၃၀,၀၀၀ ပေးရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှာ အောက်တိုဘာ ၂၃ ရက် ဒီနေ့ မနက်ကစပြီး ဆိုင်ကယ်နဲ့ ဘေးတွဲ ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်တွေက စစ်ဆေး ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၂ ရက် ညကမှ ဆိုင်ကယ် ၊ ဘေးတွဲတွေ မစီးဖို့ စစ်ကောင်စီ ရပ်ကျေးတွေက ရပ်ကွက်ထဲ အသိပေးခဲ့ပြီး ဒီနေ့မနက် ဖမ်းတော့တာပဲလို့ မြို့ခံတစ်ဦးကပြောပါတယ်။
လမ်းဆုံအတော်များများ၊ မှတ်တိုင်တွေနဲ့ လမ်းကြားထိပ်တွေကပါ စောင့်ဖမ်းနေကြတာပါဖြစ်ပြီး ဖမ်းမိတဲ့ ဆိုင်ကယ်တွေကို စစ်ကားတွေပေါ် တင်ထားတာလည်း မနည်းဘူးလို့ မြင်တွေ့ခဲ့သူက ပြောပါတယ်။
ဗိုလ်ချုပ်မှတ်တိုင် ၊ BOC အဝိုင်း၊ သမကုန်း အနော်ရထာလမ်းမကြီးပေါ်၊ ပဲခူးလမ်းကြား၊ ကျောင်း လမ်းမှတ်တိုင်၊ မီးခွက်စျေး ၊၅လမ်းထိပ်၊ သောင်ကြီးရဲစခန်းရှေ့ လိုနေရာတွေနဲ့ မြို့အနှံ့ ဆိုင်ကယ် ဖမ်းဆီးမှုတွေ ရှိနေတာကြောင့် ဒေသခံတွေ သွားလာရေး အခက်တွေ့နေပြီး ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်တချို့ ပြန်ရွေးခွင့်မရဘဲ အဆုံးခံရတာတွေ ပါရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။