မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိမှု ပြန်လည်မြင့်တက်လာတဲ့အတွက် နေပြည်တော် အဝင်အထွက်ဂိတ်တချို့မှာ ကိုဗစ်ပိုးရှိ၊ မရှိ စစ်ဆေးမှုတွေ ပြန်လည်ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သင်္ကြန်ကာလအပြီးမှာ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာ နေ့စဉ်ရှိနေပြီး ဧပြီ ၂၁ ရက်ကနေ ၂၃ ရက်အထိ စစ်ကောင်စီရဲ့ နေ့စဉ်ထုတ်ပြန်ချက်တွေထဲမှာ ပိုးတွေ့လူနာစာရင်းကလည်း အမြဲပါဝင်နေတာ ဖြစ်ပါတယ်။
နေပြည်တော်ဒေသခံတဦးက “သူတို့ထုတ်ပြန်ချက်တွေထဲမှာတော့ နေ့တိုင်းပါနေတာပဲ၊ သင်္ကြန်ပြီးကတည်းက။ နေ့တိုင်း ၃၀/၄၀ တော့ ပါနေတာ။ ဒီမှာတော့ ပုံမှန်လိုပါပဲ။ နေပြည်တော်ထဲ အဝင်မှာတော့ ကိုဗစ်ရှိ မရှိ စစ်တယ်ကြားတယ်” လို့ ပြောပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်မြို့မှာတော့ ရေပုန်းရပ်ကွက်မှာ နေမကောင်းလို့ ဆေးရုံမှာ သွားရောက်စစ်ဆေးတဲ့ ကလေးငယ် ၁ ဦးမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့ပြီးနောက် မိသားစုဝင် ၁ ဦးမှာလည်း ကိုဗစ်ထပ်မံတွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
ကိုဗစ်တွေ့ရှိတဲ့ ကလေးငယ်မှာ အသက် ၁ နှစ်ကျော်အရွယ်သာရှိတဲ့ မိန်းကလေးဖြစ်ပြီး ဧပြီ ၂၂ ရက် ည ၁၀ နာရီလောက်မှာ ဆေးရုံကို သွားရောက်စစ်ဆေးချိန် ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါကလေးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးနောက် မိသားစုဝင်တွေကို စစ်ဆေးခဲ့ရာ အမျိုးသမီး ၁ ဦးမှာ ကိုဗစ်ထပ်မံတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရွှေရောင်နေ့သစ် နာရေးကူညီမှုအသင်း တာဝန်ရှိသူတဦးက “ကလေး နေမကောင်းလို့ဆိုပြီး ဆေးရုံမှာ သွားပြရင်း ကိုဗစ်တွေ့တာပါ။ မိသားစုဝင်တွေ ထပ်စစ်ဆေးတော့ အမျိုးသမီးတဦးမှာ ထပ်တွေ့တယ်။ လက်ရှိ အဲဒီနှစ်ယောက်ကို ဆေးရုံမှာ ကုသထားတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ကလေးငယ်နဲ့ အမျိုးသမီးကို မြိတ်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူထားတယ်လို့ သိရပြီး ကျန်ရှိတဲ့ မိသားစုဝင်တွေကိုတော့ နေအိမ်မှာ လော့ဒေါင်းချထားတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းမှာ အခုလအတွင်း ကိုဗစ်သံသယရှိသူ ၁၃၄ ဦးကို စစ်ဆေးချိန် ထားဝယ်မြို့က ၃ ဦးမှာ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တနင်္သာရီတိုင်း ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
မြိတ်မြို့မှာ ကိုဗစ်ကူးစက်တဲ့လူနာ မတွေ့တာ ကြာခဲ့ပြီဖြစ်ကာ အခုရက်ပိုင်းမှ ကိုဗစ်ကူးစက်သူ ပြန်တွေ့တာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာတနိုင်ငံလုံးမှာတော့ ဧပြီ ၂၁ ရက်မှာ ကိုဗစ်ပိုးတွေ့လူနာ ၃၀ ကျော်ခန့် ရှိရာကနေ ၂၂ ရက်နဲ့ ၂၃ ရက်တို့မှာ တနေ့ကို ၄၀ ကျော်ခန့် ပိုးတွေ့လူနာတွေ့ရှိရပြီး အများစုမှာ ပြည်တွင်းကူးစက်သူတွေ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပဲခူး-ရန်ကုန်လမ်းပိုင်းမှာ စစ်ဆေးရေးဂိတ်တွေ ပိုမိုများပြားလာသလို ကုန်တင်ကားကြီးတွေနဲ့ ခရီးသည်တင်ကားတွေကို စစ်ကောင်စီတပ်က ငွေကြေးကောက်ခံတာတွေကြောင့် ယာဉ်စီးခတွေ စျေးမြင့်တက်လာတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
သင်္ကြန်ကာလနောက်ပိုင်း စစ်ဆေးရေးဂိတ်တွေ ပိုမိုများပြားလာပြီး အဲ့ဒီဂိတ်တွေမှာ လုံခြုံရေး ယူထားတဲ့ စစ်သားနဲ့ရဲတွေက ကုန်တင်ကားကြီးတွေနဲ့ ခရီးသည်တင်ကားတွေကို ငွေကြေး ကောက်ခံနေတာတွေကြောင့် ပဲခူး-ရန်ကုန် ပြေးဆွဲနေတဲ့ လိုင်ကားခ ကျပ် ၃၀၀၀ ကနေ အခု ကျပ် ၅၀၀၀ အထိ စျေးမြင့်တက်လာတာပါ။
အရင်က ပဲခူး-ရန်ကုန် ကားခဟာ လူ တဦးကို ကျပ် ၁၀၀၀ နဲ့ ကုန်ပစ္စည်းတင်ဆောင်ခ ကျပ် ၅၀၀၀ သာရှိခဲ့ရာက အခုအခါ လူတဦးကို ကျပ် ၅၀၀၀ နဲ့ တခြားပစ္စည်းတွေပါရင် ကျပ် ၁၀၀၀၀ ထိပေးနေရတာကြောင့် ရန်ကုန်မှာ စျေးသွားရောင်းဖို့ အဆင်မပြေနိုင်တော့ဘူးလို သင်္ကန်းကျွန်းစံပြစျေးကို နေ့စဥ် ကွမ်းရွက်သွားရောင်းနေတဲ့ စျေးသည်တစ်ဦးက ပြောပါတယ်။
မော်တော်ယာဉ်လိုင်းတွေအနေနဲ့ ယာဥ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်တာမျိုး မရှိပေမဲ့ ရဲနဲ့စစ်သားတွေက ဂိတ်တခါဖြတ်ရင် အနည်းဆုံး ကျပ် ၁၀၀၀ ကနေ ၂၀၀၀ ထိ တောင်းခံတာတွေကြောင့် လိုင်းကားခကို စျေးတင်လိုက်ရတာလို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ သင်္ကြန်ကာလနောက်ပိုင်း လိုင်စင်မဲ့ဆိုင်ကယ်ဖမ်းဆီး တာ၊ ခရီးသည်တင်ယာဥ်ပေါ်မှာပါလာတဲ့ လူငယ်တွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်လာတဲ့ အပြင် မှတ်ပုံတင်မပါတဲ့သူတွေကို ဖမ်းဆီးရိုက်နှက်တာတွေ အရင်ကထက်ပို လုပ်ဆောင်လာ တယ်လို ခရီးသွားပြည်သူတွေဆီက သိရပါတယ်။