ချင်းပြည်နယ်၊ ဖလမ်းမြို့၊ လုံပီး(လုံးရန်)ရပ်ကွက်မှာ ဩဂုတ် ၁၀ ရက် မနက်ပိုင်းက စစ်တပ်က အကြောင်းမဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တအိမ်တွင်းရှိနေတဲ့အမျိုးသမီး တစ်ယောက် ရင်ဘတ်မှာ ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဖလမ်းမြို့ကနေ တလန်ရောန်ကျေးရွာကို ဆေးကုသပြီးပြန်လာတဲ့ ဆိုင်ကယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ဆိုင်ကယ်နောက်က စီးလာတဲ့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ပေါင်မှာ သေနတ်ဒဏ်ရာရှိခဲ့ပြီး တင်ဆောင်လာတဲ့ အမျိုးသားကိုလည်း ဖမ်းဆီးထားပါတယ်။
အလားတူ ဖလမ်းမြို့နယ်၊ ဇာလိုင်ကျေးရွာမှာနေထိုင်တဲ့ အဘွားအို ၁ ဦးလည်း ကျည်ထိမှန်ထားပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေရှိနေကာ ကျေးရွာတွေမှာလည်း အပြစ်မဲ့ပြည်သူတွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဩဂုတ် ၉ ရက် မနက်ပိုင်းက စလို့ ဖလမ်းမြို့၊ လုံပီး(လုံရန်) ရပ်ကွက်အတွင်းနဲ့ စစ်ကောင်စီတပ် ခလရ(၂၆၈)အနီးမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။
ဒါ့ကြောင့် မိဘပြည်သူတွေ အနေနဲ့ ဖလမ်း-ရိဒ်၊ ဖလမ်း-ဟားခါး လမ်းကို ခရီးသွားလာခြင်း မပြုကြဖို့ ချင်းအမျိုးသားအဖွဲ့ချုပ်၊ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက အသိပေးထားပါတယ်။
မန္တလေး ပုသိမ်ကြီးမြို့နယ် ကြူဝန်းရွာထဲကို စစ်ကောင်စီတပ်က သြဂုတ် ၂ ရက်နေ့ ည ၁၂ နာရီကျော်လောက်မှာ သေနတ်၊ အသံဗုံးတွေနဲ့ အချက်ပေါင်းများစွာပစ်ခတ်ဝင်ရောက်ပြီး ရွာသား ၁၅ ယောက်အား ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမည်မဖော်လိုတဲ့ ရွာခံတစ်ဦးက “အိမ်တံခါးတွေကို အတင်းဆွဲဖွင့်ပြီး ဝင်ဆွဲတယ်။ နေမကောင်းလို့ အိမ်သာထဲပုန်းနေတဲ့ကလေး ဗဒင်းကို သေနတ်နဲ့ပစ်ပြီး ဝင်ဖမ်းတာ သေနတ်ဒဏ်ရာကြီးနဲ့ ပါသွားတယ်။ တချို့အသက်ငယ်တဲ့ ကလေးတွေကို ရိုက်ပြီး ခေါ်သွားတယ်။ ရွာထဲက အိမ်တံခါးတွေ အိမ်ခေါင်မိုးတွေလည်း သေနတ်နဲ့လိုက်ပစ်တယ်။ ညကတော့ တစ်ရွာလုံး ပြာကုန်ကြတာပဲ'' လို့ ပြောပါတယ်။
အဖမ်းခံရသူတွေထဲ ဦးဝင်းဟန်တို့ သားအဖ သုံးယောက်၊ ဦးမင်း၊ ကိုအောင်ကျော်စိုး၊ ကိုစိုးအောင်၊ ရဲရင့်အောင်၊ ဝေယံ၊ မြင်းမူဘက်ကပြောင်းလာတဲ့ သံတိုသံစလုပ်ငန်းလုပ်တဲ့ ညီအကိုနှစ်ယောက်လည်း ရွာခံနောက်တဦးက ပြောပါတယ်။
"ဦးဝင်းဟန်ရဲ့ သားအငယ်က အသက်မပြည့်သေးလို့ အုန်းချောရဲစခန်းမှာ သွားထုတ်တာ သုံးသောင်းပေးရမယ်လို့ ပြောတယ်။ အများစုက နန်းတွင်းထဲရောက်နေပြီလို့ ကြားတယ်။ ၁၅ ယောက်ထဲမှာ ၆ ယောက်က ကိုဗစ်တွေ့လို့ ကိုဗစ်စင်တာကို ပို့ရတယ်လို့လည်း ကြားတယ်။ ပေါက်စဆိုတဲ့ ကောင်လေးကတော့ အဖမ်းခံလိုက်ရပြီး ဘယ်ရောက်လို့ ရောက်နေမှန်းမသိရတော့ သူ့အဘွားက ငိုနေပြီ။”
ကြူဝန်းရွာမှာ PDF တပ်ဖွဲ့တွေနဲ့ ဆန္ဒပြပွဲတွေလည်း မရှိဘဲ ရွာသားတွေကို အကြောင်းမဲ့ လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
“ရွာမှာဆို pdf ဆိုတာလည်း မရှိ၊ ဆန္ဒပြလည်း သိပ်မထွက်ကြပါဘူး။ ဘေးပတ်ပတ်လည်က စစ်တပ်တွေ ရဲစခန်း ရဲကင်းတွေ ဝိုင်းနေတာ။ လယ်တွေ သူတို့သိမ်းထားလို့ တောင်ယာလည်း မလုပ်ရဘူး။ ရွာကလူတွေက ကားဆွဲတာတို့ တခြားအလုပ်လေးတွေလုပ်ပြီး ဆင်းဆင်းရဲရဲနေကြရတာ။ အခုကာလ ဝင်ငွေမရှိပါဘူးဆိုမှ အသက်အန္တရာယ်ပါ ဒုက္ခလာပေးသွားကြတယ်။”
သြဂုတ်လ ၃ ရက်နေ့ ည ၁၁ နာရီမှာလည်း သေနတ်သံတွေ ကြားရကြောင်း၊ လက်ရှိမှာ ရွာအနောက်ပိုင်းက ပြည်သူတွေက ရွှေ့ပြောင်းကုန်ကြပြီး ကျန်ခဲ့တဲ့လူတွေကလည်း ညဘက်မအိပ်ရဲကြတော့ဘဲ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။