close

စစ်တပ်ကဝင်စစ်ဆေး

close

December 14, 2021

လေးကေကော်မြို့သစ်ကို စစ်တပ်ကဝင်စစ်ဆေး၊ လွှတ်တော်အမတ်အပါအဝင် ၁၀ ဦးခန့်ကို ဖမ်းဆီး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကေအန်ယူ ထိန်းချုပ်နယ်မြေရှိ  လေးကေကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၁၄ ရက် ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်စစ်ဆေးပြီး လွှတ်တော်ကိုယ်စားလှယ်တယောက်နဲ့ ဆရာဝန်တယောက် အပါအ၀င် လူ ၁၀ ယောက်ကျော် လောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လေးကေကော်မြို့သစ်ကို အကြောင်းအမျိုးမျိုးပြပြီး အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ကာ တပ်စွဲထားဖို့ ကြိုးပမ်းနေတာဖြစ်ပြီး  ဒီမနက် ၉ နာရီ လောက်မှာ ၆ ရပ်ကွက်ကို စတင်ဝင်ရောက်စစ်ဆေးနေတာလို့ လေးကေကော်ဒေသခံ တစ်ဦးက ပြောပါတယ်။

“သူတို့က တအိမ်ချင်းစီ ဝင်ရောက် စစ်ဆေးသွားမယ့် ပုံစံရှိတယ်။ စာရင်းတွေလည်း ပါလာပုံ ရပါတယ်။ မနက်ကတော့ သေနတ်သံ  ၆ ချက်လောက် ဖလူးဘက်ကနေ ကြားရပြီး ဘယ်က ပစ်တယ်ဆိုတာတော့ မသိသေးဘူး။”

ကရင်ပြည်နယ်ထဲက နယ်မြေခံ စစ်ကောင်စီ တပ်အင်အား ၂၀၀ လောက်ဟာ မနေ့ ညကတည်းက မယ်ထော်သလေးဘုန်းကြီးကျောင်းမှာ ညအိပ်ခဲ့ကြပြီးနောက် ကွင်းကလေးရွာဘက် ခြေလျင် စစ်ကြောင်းတကြောင်း၊ ဖလူးရွာဘက်နဲ့ မယ်ထော်သလေးဘက်တွေမှာ စစ်ကြောင်းတကြောင်းစီ စုစုပေါင်း စစ်ကြောင်း ၄ ကြောင်းနဲ့ ဝင်ရောက်လာနေတာလို့ လေးကေကော်မှာ နေထိုင်သူ တဦးက ပြောပါတယ်။

“အခုကတော့ ဒီနယ်မြေကို ဝိုင်းပတ်ပိတ်ဆို့တဲ့ပုံစံဖြစ်လာပြီ၊ အ၀င်အထွက်တွေလည်း အရင်ကထက် အရမ်းတင်းကျပ်လာပြီ။ ၀င်လာသမျှ ကား၊ ဆိုင်ကယ်တွေကိုပါ စစ်ကောင်စီက စစ်ဆေးတာတွေ၊ ဒီဘက်ကနေ ထွက်တဲ့ ဈေးကားတွေကို စစ်တာတွေ တင်းကျပ်လာပြီ။ ဒီကိုဈေးလာရောင်းတဲ့ ဈေးသည်တွေနဲ့ ဈေးကားတွေကို စစ်ဆေးနေတာကြောင့် ဈေးလာရောင်း တဲ့သူတွေလည်း သိပ်မလာရဲကြတော့ဘူး၊ တဖြည်းဖြည်းကျပ်တည်းလာတာကနေ တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်နေရတယ်။” 

စစ်ကောင်စီရဲ့ အမှတ် ၅၆၀ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင် အင်အား ၅၀ လောက်ဟာ မနေ့ကလည်း လေးကေကော်မြို့သစ်ရဲ့ အမြောက်ကုန်းနေရာကို ဝင်ရောက်ပြီး စခန်းချလှုပ်ရှားဖို့ ပြင်ဆင်လာတယ်လို့ လေးကေကော်မြို့သစ် စစ်ဘေးရှောင်စခန်း တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကိုဗစ်ကာကွယ်ဆေးထိုးဖို့ဆိုပြီး တကြိမ်၊ မှတ်ပုံတင်ပြုလုပ်ပေးမယ်ဆိုပြီး တကြိမ်၊ ဓာတ်ပုံ၀င်ရိုက်ဖို့တကြိမ်  အပါအ၀င် စုစုပေါင်း အခုတကြိမ်နဲ့ဆို လေးကေကော်မြို့သစ် ကို  ၇ ကြိမ်မြောက် ဝင်လာတာလို့ သိရပါတယ်။

ကေအန်ယူထိန်းချုပ်နယ်မြေကို ခုလို စစ်ကောင်စီရဲ့တပ်တွေ ကျူးကျော်ဝင်ရောက်လာတဲ့အတွက် စစ်ရေးတင်းမာနေပြီး နှစ်ဘက်တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်တယ်လို့  ဒေသခံတွေက ပြောပါတယ်။

2 mins Ago
Up