ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယားရပ်ကွက်ရှိ ခရစ်တော်ဘုရင် ဗဟိုဘုရားကျောင်းနဲ့ ဂရုဏာဆေးပေးခန်းကို စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ နိုဝင်ဘာ ၂၂ ရက် ဒီကနေ့မနက်က ဝင်ရောက်စီးနင်းပြီး ကျောင်းထိုင်ဘုန်းတော်ကြီးအပါအဝင်၊ ဆရာဝန်တွေ၊ စေတနာ့ဝန်ထမ်း သူနာပြု အားလုံး ၂၀ နီးပါးကို ဖမ်းဆီးသွားပါတယ်။
ခရစ်တော်ဘုရင်ဗဟိုဘုရားကျောင်းနဲ့ ဂရုဏာ ဆေးခန်းကို ဒီမနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲအင်အား ၂၀၀ ဝန်းကျင်လောက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာ ဒေသခံတွေက ပြောပါတယ်။
“ဂရုဏာဆေးခန်းကို ဝင်စစ်တာ။ ဆရာဝန် သူနာပြု ၁၇ ယောက်ကိုဖမ်းသွားတယ်ကြားတယ်ဗျ”
ဘုရားကျောင်းနဲ့ ဆေးခန်းကို ဝင်ရောက်စီးရာမှာ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာ ဘရွေအပါအဝင် စစ္စတာတွေ၊ ဂရုဏာဆေးခန်းမှာ အခမဲ့ဆေးကုသပေးနေတဲ့ ဆရာဝန်တွေနဲ့သူနာပြုတွေ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ဂရုဏာဆေးခန်းဟာ လွိုင်ကော်မြို့ပေါ်အဝင် အနီးနားပတ်ဝန်းကျင်က ဒေသခံ ပြည်သူတွေ အားကိုးအားထားရတဲ့ဆေးခန်းဖြစ်ပြီး လူနာတွေကို အခမဲ့နီးပါ ကုသပေးနေတဲ့ဆေးခန်းဖြစ်ပါတယ်။
အထူးသဖြင့်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေက ဖျားနာလာရင် ဂရုဏာဆေးခန်းကိုသာ အဓိကအားထားကြရပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက် CDM လုပ်တဲ့ ဆရာဝန်နဲ့သူနာပြုတွေက အဆိုပါဆေးခန်းမှာ သွားရောက်လုပ်အားပေး ကုသပေးနေတဲ့ဆေးခန်းလည်း ဖြစ်ပါတယ်။
ဒီလို ဆရာဝန်၊ သူနာပြုတွေ ဖမ်းဆီးသွားတဲ့အတွက် ဆေးခန်းအတွင်းဆေးကုမှုခံယူနေရတဲ့ လူနာတွေကို ရွှေလွိုင်ကော်ပရဟိတအသင်းကနေ လွိုင်ကော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
လူနာများပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကလည်း နေရာမလုံလောက်တဲ့အတွက် သက်သာတဲ့ လူနာတွေကိုအိမ်ပြန်လွှတ်ရတဲ့နေအထားရှိတယ်လို့ ရွှေလွိုင်ကော်ပရဟိတ အဖွဲ့ဆီက သိရပါတယ်။
“လွိုင်ကော်ဆေးရုံပဲပို့လို့ ခုတင်မရှိတော့လို့ နည်းနည်းသက်သာတဲ့လူနာ တွေ အကုန်ပြန်ဆင်းရတယ်ဗျာ။”
ဂရုဏာဆေးခန်းဟာ ခရစ်တော်ဘုရင် ဘုရားကျောင်းဝင်းထဲမှာဖြစ်ပြီး အထူးဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံတွေကို အခမဲ့နီးပါး ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းဖြစ်ပါတယ်။
ဒီဗွီဘီက ဆက်သွယ်မေးမြန်းတဲ့ နေ့လယ် ၂ နာရီဝန်းကျင်အချိန်ထိ ဘုရားကျောင်းကို စစ်တပ်က ဝိုင်းထားဆဲဖြစ်ပြီး အဝင်အထွက်တွေကိုလည်း ကန့်သတ်ထားတယ်လို့ ကရင်နီပြည်သူ့အင်အားစု PKPFတာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
PDFတွေနဲ့ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အခုလို စီးနင်းတာလို့ သိရပြီး ဖမ်းဆီးသွားတဲ့အရေအတွက်ကိုတော့ အတိအကျ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ အခုလို ဘာသာရေးခေါင်းဆောင်တွေနဲ့ ပညာရှင်တွေကို ဖမ်းဆီးတာ မဖြစ်သင့်တဲ့ကိစ္စဖြစ်သလို လူနာတွေအတွက်လည်း နစ်နာတယ်လို့ PKPFတာဝန်ရှိသူက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာမှာ ဩဂုတ်လ ၂၃ ရက် ည ၉ နာရီလောက် စစ်ကိုင်းတိုင်းတောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးတင့်လွင်ရဲ့နေအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝင်ရောက်စီးနင်းရာမှာ လူမတွေ့တဲ့အတွက် ကားနှစ်စီး၊ ဆန်အိတ်၊ စပါး၊ ဆီပုံး စတဲ့ပစ္စည်းတွေ သယ်ယူသွားကြတယ်လို့ ဒေသခံတစ်ဦးက DVB ကို ပြောပါတယ်။
“ည ၉ နာရီလောက်မှာ စစ်ကိုင်းတိုင်း တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးတင့်လွင်အိမ်ကို စစ်သားနဲ့ရဲ အင်အား ၅၀ လောက်နဲ့ဝင်စီးတယ်။ လူမတွေ့တော့ ပစ္စည်းတွေယူတယ်။ သူ့အိမ်မှာရှိတဲ့ ပါဂျဲရိုးကားတစ်စီး လိုက်ထရက်တစ်စီး၊ ဆီစက်က ဆီပုံးတွေရယ်၊ ဆန်အိတ်တွေရယ်၊ စပါး ၁၃၀၀ လောက်ရှိတာကိုလည်း ညတွင်းခြင်း သယ်ထုတ်နေကြတယ်။ နောက်ပြီး ရခိုင်ပြည်နယ်ဘက်က ခွင့်နဲ့ပြန်လာပြီး ဩဂုတ် ၂၅ ရက်နေ့မှာ ပြန်တာဝန်ထမ်းဆောင်ရမယ့် သူ့ဆွေမျိုး ရဲဝန်ထမ်းတစ်ဦးကိုလည်း ရိုက်နှက်ဖမ်းဆီးသွားတယ်။ သူတို့မိသားစုအားလုံးကတော့ ရှောင်တိမ်းနိုင်ကြလို့ ဖမ်းဆီးတာမခံရဘူး။ လက်နက်သယ်ယူပို့ဆောင်တယ်လို့ စွပ်စွဲပြီး ဝင်စီးတယ်ကြားတာ။”
ဩဂုတ်လ ၂၃ ရက်ညနေပိုင်းကလည်း ရွာတော်ကျေးရွာနဲ့ ရွှေပန်းကုန်းကျေးရွာက လူငယ်သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။
“ညနေပိုင်းလောက်က ရွှေပန်းကုန်းနဲ့ ရွာတော်ကိုဝင်မွှေပြီး လူငယ်သုံးယောက်ကို ဖမ်းသွားတယ်။ ရွာတော်ကနှစ်ယောက်၊ ရွှေပန်းကုန်က တစ်ယောက်။”
ဝက်လက်မြို့နယ်အတွင်းမှာ ဇွန်လ ၁၀ ရက်နေ့ကလည်း ရွှေပန်းကုန်းကျေးရွာ သပိတ်ခေါင်ဆောင်အပါအဝင် သုံးဦး ဖမ်းဆီးခံခဲ့ရပြီး၊ ဇွန်လ ၂၃၊ ၂၄ ရက်တွေမှာလည်း ဒေါက်တာတေဇာဆန်းရဲ့ဇာတိ ရွှေအိုးရရွာကို စစ်တပ်ကဝင်ရောက်စီနင်းပြီး အိုးအိမ်တွေဖျက်ဆီးကာ လူသုံးကုန်ပစ္စည်းတွေကိုလည်း ယူဆောင်သွားကြတယ်လို့ သိရပါတယ်။