မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြောင်မြို့နယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ဝန်ထမ်းလိုင်းခန်းမှာ ဒီဇင်ဘာ ၁၀ ရက်၊ ည ၉ နာရီ အချိန်လောက်က ဂစ်တာတီးပြီးသီချင်းဆိုနေတဲ့ Non CDM ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၆ ယောက်ကို စစ်ကောင်စီက ဝင်ရောက်အကြမ်းဖက်ရိုက်နှက်သွားခဲ့ပါတယ်။
Non CDM မြို့နယ်ပြည်သူ့ကျန်းမာရေးဆရာဝန်တယောက်၊ သွားဆရာဝန်နှစ်ယောက်၊ ကျန်းမာရေးကြီးကြပ်သူတယောက်၊ အမျိုးသမီးဝန်ထမ်းနှစ်ယောက်၊ စုစုပေါင်း ၆ ယောက်တို့ ဝိုင်းဖွဲ့ သီချင်းဆိုနေခဲ့ကြစဉ် စစ်သားတွေက ဝင်ရောက် အကြမ်းဖက်ရိုက်နှက်ခဲ့တာဖြစ်ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဆရာဝန်နဲ့ သွားဆရာဝန်တယောက် မျက်နှာမှာ ဖူးရောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
"စစ်သားတွေက အုတ်တံတိုင်းကိုကျော်ပြီးဝင်လာတာပါ။ အဲ့ဒီနေ့က တစ်နိုင်ငံလုံး ငြိမ်သက်သပိတ်နေ့ဖြစ်ပါတယ်။ သူတို့ဂစ်တာတီးပြီးသီချင်းဆိုနေတဲ့အချိန်မှာ စစ်သားတွေရောက်လာပြီးအောင်ပွဲခံနေတာလားလို့မေးတယ်။ ဂစ်တာနဲ့ဖုန်းတွေကို လုသွားတယ်" လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက်မနက်က ရိုက်နှက်ခံရတဲ့ Non CDM ဆရာဝန်တွေက မြို့နယ်ထွေအုပ်ရုံးကို သွားရောက်တိုင်ကြားပေမဲ့ အမှုမဖွင့်ဖို့ မြို့နယ်ထွေအုပ်ရုံးတာဝန်ရှိသူတွေက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဆေးရုံအုပ်မြို့နယ်ဆရာဝန်ကြီးကလည်း ရိုက်နှက်ခံရတဲ့ ဖြစ်စဉ်အတွက် ကူညီဖြေရှင်းပေးတာ မရှိဘူးလို့ သိရပါတယ်။
ဒီဇင်ဘာ ၁၄ ရက် ညပိုင်းအထိ မြိုင်မြို့နယ်မြောက်ပိုင်းမှာ စစ်သားအင်အားတွေထပ်တိုးချထားပြီး စစ်ကြောင်းထိုး အကြမ်းဖက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံ PDF တစ်ယောက်က အတည်ပြုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့ လှည်းရိုးရပ်ကွက်မှာ အရက်မူးပြီး ဆိုင်ကယ်ဟွန်းအဆက်မပြတ်တီးသူတစ်ဦး စစ်တပ်က ဖမ်းဆီးရိုက်နှက်တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာ ၁၇ ရက်ညက ဆိုင်ကယ်ဟွန်းအဆက်မပြတ်တီးပြီး ရပ်ကွက်ထဲ ပတ်စီးနေတဲ့ ကိုကျော်စိုးဝင်းကို အကြမ်းဖက်စစ်ကောင်တပ်က ဖမ်းဆီးရိုက်နှက်ခဲ့တာကြောင့် နိုဝင်ဘာ ၁၈ ရက်မနက်က သေဆုံးသွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။
"ညက သေနတ်သံ နှစ်ချက်ကြားရတယ်။ မနက်ကျတော့ ကိုကျော်စိုးဝင်း သေဆုံးတာ သိရတယ်။ သူ့မိသားစုကိုတော့ အလောင်းပြန်မပေးသေးဘူး။ ရိုက်နှက်လို့သေတာလား၊ သေနတ်နဲ့ပစ်တာလား အလောင်းမရသေးတော့ မသိရဘူး" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အောင်ပန်းမြို့ လှည်းရိုးရပ်ကွက်ထဲက စာသင်ကျောင်းမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။