close

စစ်တပ်က ၃ ရက် ဆက်တိုက်မီးရှို့

close

December 24, 2021

ရေမြက်ကျေးရွာနေအိမ်များကို စစ်တပ်က ၃ ရက် ဆက်တိုက်မီးရှို့၊ နေအိမ် ၆၀ ခန့် ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကို ဒီဇင်ဘာ ၂၀ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက စစ်ကြောင်းထိုးကာ ကုန်းလမ်းအပါအဝင် ရဟတ်ယာဉ်တွေနဲ့ပစ်ခတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့အတွက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးကြရတယ်လို့ သိရပါတယ်။

ဒေသခံရွာသားတဦးက “၂၀ ရက်နေ့ကစပြီးပြေးရတာပဲ။ လေကြောင်းမှ စစ်ရဟတ်ယာဉ်များအသုံးပြုပြီး ပစ်တယ်။ ၂၂ ရက်နေ့ကလည်း ရွာကို စစ်သားတွေက မီးထပ်ရှို့နေလို့ ၂၃ ရက်နေ့အထိ မပြန်ရဲကြသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရေမြက်ကျေးရွာက လူနေအိမ် ၆၀ ဝန်းကျင်၊ မော်တော်ယာဉ် ၂ စီးနဲ့ ဆိုင်ကယ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တောထဲတောင်ထဲမှာရောက်လိုက်တဲ့ဒုက္ခတွေ၊ ကိုယ့်ပြည်သူကို ဒီလောက်နှိပ်စက်တဲ့ စစ်တပ်အမြန်ဆုံးကျရှုံးပါစေလို့ပဲ ဆုတောင်းရုံကတပါး ဘာမှမတတ်နိုင်ဘူးပေါ့” လို့ ထွက်ပြေးတိမ်းရှောင်လာသူတဦးက ပြောပါတယ်။

ရေမြက်ကျေးရွာအပါအဝင် ရေဦးမြို့နယ်က ကျေးရွာ ၁၀ ရွာနီးပါးက ဒေသခံပြည်သူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေနဲ့ ဝေဟင်ကနေ ရဟတ်ယာဉ်တွေသုံး ပစ်ခတ်နေတာတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့- (ပကဖ- ရေဦး) ဆီက သိရပါတယ်။

2 mins Ago
Up