စစ်တပ်ထုတ်ကုန် ဒဂုံဘီယာ ၁၁ ဖာနဲ့ တခြားထုတ်ကုန်တွေ သယ်ဆောင်လာတဲ့ ကားတစီးကို သိမ်းဆည်းကာ ကုန်ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ Zomi PDF တပ်ဖွဲ့က ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၈ Zomi PDF ဦးဆောင်ပြီး KPS နဲ့အတူ ဇူလိုင် ၂၆ ရက်နေ့က နယ်မြေလုံခြုံရေးအတွက် စစ်ဆေးရာမှာ အခုလို စစ်တပ်ထုတ်ကုန်တွေကို သိမ်းဆည်း ရမိခဲ့တာပါ။
Zomi PDF တာဝန်ခံက“ကျနော်တို့တပ်ဖွဲ့က နယ်မြေစိုးမိုးရေးအတွက် ကလေးနယ်က လမ်းပိုင်းကို စစ်ဆေးဆောင်ရွက်ခဲ့တာပါ။ ကျနော်တို့ စစ်ဆေးနေစဉ်အတွင်း စစ်တပ်ထုတ်ကုန်တွေပါတဲ့ ကားတစီးကို ဖမ်းဆီးရမိခဲ့တယ်။ ကုန်တင်ကားနဲ့ ယာဉ်မောင်းကိုတော့ လွှတ်ပေးခဲ့ပါတယ်။ စစ်တပ်ထုတ်ကုန် ပစ္စည်းတွေကိုတော့ ဖျက်ဆီးပစ်ခဲ့တယ်။”လို့ ပြောပါတယ်။
နောက်နောင် စစ်တပ်ထုတ်ကုန်တွေ သယ်ဆောင်လာတဲ့ ဘယ်ယာဉ်မောင်းမဆို စစ်တပ်နဲ့ အတူတူလို့ ယူဆပြီး လွှတ်ပေးတော့မှာမဟုတ်ကြောင်း Zomi PDF က အသိပေး ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်တပ်ထုတ်ကုန် ဘီယာတွေ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဖျက်ဆီးပစ်ခဲ့တယ်လို့ တမူး PDF က ထုတ်ပြန်ပါတယ်။
ကလေး-တမူး အာရှလမ်းမကြီးပေါ် တမူးမြို့အဝင်မှာ စစ်ကောင်စီတပ်ရဲ့ ကျောထောက်နောက်ခံ ကုန်ပစ္စည်းတွေ ကူးသန်းရောင်းဝယ်မှု ရှိ/မရှိကို တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နေ့စဉ်စစ်ဆေးနေတာ ဖြစ်ပါတယ်။
အခုလိုစစ်ဆေးနေစဉ် ဇူလိုင် ၁၃ ရက်က ကလေးမြို့မှ တမူးမြို့ကို မောင်းနှင်လာတဲ့ ကုန်တင်ကားတစီးကို ရပ်တန့်ရှာဖွေခဲ့ရာ စစ်တပ်ထုတ်ကုန် ဘီယာဖာတွေကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
တမူး PDF တပ်ရင်း ၄ တာဝန်ရှိသူတဦးက “ကုန်တင်ကားကိုရပ်ပြီး စစ်ဆေးခဲ့တာပါ။ အဲ့ဒီကားနဲ့ပဲ မြန်မာဘီယာဖာတွေကို တက်နင်းခိုင်းပြီး ဖျက်ဆီးပစ်ခဲ့တာပါ။ ကားသမားကိုတော့ အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ခဲ့ပါဘူး” လို့ ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ ဘီယာတွေကို တမူးပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) နဲ့ ပူးပေါင်းတပ်ဖွဲ့က ဖျက်ဆီးပစ်ပြီး ဆက်လက်စစ်ဆေးအရေးယူ ဆောင်ရွက်သွားမှာဖြစ်ကာ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးတွေကို သယ်ယူဆောင်ရွက်ခြင်း မပြုလုပ်ကြဖို့လည်း တမူး PDF က ထပ်မံသတိပေးထားပါတယ်။
ဇွန် ၂၀ ရက်ကလည်း ကလေး-တမူး အာရှလမ်းမပေါ်မှာ မောင်းနှင်လာတဲ့ ကားတစီးကို ရပ်တန့်စစ်ဆေးခဲ့ရာ စစ်တပ်ထုတ်ကုန် ဘီယာ ၉၈ ဖာ စစ်ဆေးတွေ့ရှိလို့ ဖျက်ဆီးပစ်ခဲ့ပါသေးတယ်။