ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်၊ မိုင်းပတ်အုပ်စု၊ ဝမ်လွယ်ကျေးရွာရှိ တွင်ခုံလုပ်ငန်းတစ်ခုမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်နဲ့ရဲတွေ လာရောက်စီးနင်းပြီး အိမ်ရှင်နဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ကာ သားအဖ ၃ ဦး သေဆုံးသွားပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၃ နာရီကျော်လောက်မှာ စစ်တပ်နဲ့ရဲ အင်အား ၃၀ လောက်က ကား ၄ စီးနဲ့ ဝမ်လွယ်ကျေးရွာရှိ ဦးစိုင်းဆန်အုံရဲ့ တွင်ခုံလုပ်ငန်းကို ရောက်ရှိလာပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ ဒေသခံရွာသား ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရဲတွေရောက်လာပြီး သူတို့သားအဖကို အပြင်ထွက်လာခိုင်းတယ်။ သူတို့က ထွက်မလာဘူး။ အဲဒီနောက် နှစ်ဘက်ပစ်ခတ်တာ တိုက်ပွဲဖြစ်တဲ့အတိုင်းပဲ။ နောက် သူတို့သားအဖ ထွက်ပြေးဖို့ကြိုးစားတယ်ထင်တယ်။ အပြင်ရောက်လာတော့ သေနတ်မှန်သွားတာ။ သားနှစ်ယောက်ကပွဲချင်းပြီးသေတယ်။ သူတို့အဖေက ဒဏ်ရာရတယ်။ သူတို့အားလုံးကို ရဲတွေက ကားပေါ်ပစ်တင်ပြီး တန့်ယန်းဆေးရုံပို့လိုက်တယ်။ ဆေးရုံရောက်တော့ အဖေလည်း သေသွားတယ်တဲ့။ သူတို့သားအဖအလောင်းကို ဒီနေ့သင်္ဂြိုလ်မယ်လို့ကြားတယ်။”
သေဆုံးသူ ၃ ဦးမှာ ဖခင်ဖြစ်သူ ဦးဆန်အုံ(၅၅ နှစ်)၊ သားဖြစ်သူ စိုင်းဝမ်း ( ၃၀ နှစ်)နဲ့ စိုင်းထွန်းကျော် (၂၈နှစ်)တို့ဖြစ်ပါတယ်။ ဦးဆန်အုံမှာ SSPP/SSA တပ်ဖွဲ့ဝင်ဟောင်း ၁ ဦးဖြစ်ကြောင်း၊ သေနတ်ကျွမ်းကျင်သူဖြစ်ပြီး သူ့ရဲ့တွင်ခုံလုပ်ငန်းမှာ သေနတ်အဟောင်းပြင်ဆင်တာနဲ့ တူမီးသေနတ်ပါ ထုတ်လုပ်ရောင်းချနေတယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင်ရှေ့က သူတို့ဆီမှာ သေနတ် ၃ လက် ဝယ်သွားသူတစ်ဦးမှာ ရဲတွေရဲ့ ဖမ်းဆီး မှုကိုခံခဲ့ရပြီး သေနတ်ဝယ်ခဲ့တဲ့နေရာကိုလည်း စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ထိုသူရဲ့ ထွက်ဆို ချက်အရ တာဝန်ရှိသူတွေက လာရောက်ဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပွါးခဲ့ရတာလို့ ရွာသားက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် သူတို့အိမ်နံရံတွေလည်း ပေါက်သွားသလို တအိမ်လုံးလည်းမွှေနှောက်ရှာဖွေပြီး ငွေနဲ့ အဖိုးတန်ပစ္စည်းတွေ သိမ်းသွားကြောင်း၊ တွင်ခုံစက်နဲ့ ပြင်ဆင်ထုတ်လုပ်ဆဲသေနတ်တွေ၊ ကျည်ဆန်တွေအပြင် ကား ၁ စီး၊ ထော်လာဂျီ ၁ စီး၊ ဆိုင်ကယ် ၄ စီးကိုပါ သိမ်းယူသွားတယ်လို့ ဆိုပါတယ်။
သူတို့သားအဖဟာ အဲဒီရွာမှာ တွင်ခုံဆိုင်လာဖွင့်တာ ၃- ၄ နှစ်ခန့်ရှိပြီဖြစ်ပြီး သေနတ်တွေ လုပ်နေတာဟာ အန္တရာယ်ရှိသလို ရွာနဲ့မနီးမဝေးမှာလည်း မြန်မာစစ်စခန်းတစ်ခုရှိတာကြောင့် ပြဿနာဖြစ်မှာစိုးလို့ ရွာသားတွေက ရွာပြင်မှာသွားလုပ်ဖို့ တောင်းဆိုခဲ့ပေမယ့် သူတို့က နားမထောင်ဘဲ အဲဒီမှာဆက်လုပ်နေတာလို့ ရွာသားက ပြောသွားပါတယ်။
Photo Credit- Hmine Wai
ဧရာဝတီတိုင်းအတွင်းရှိ မြို့ဝင်ဂိတ်တွေ ရဲကင်းတွေနဲ့စစ်ဆေးဂိတ်တွေမှာ ကုန်တင်ယာဥ်မောင်းတွေကို စစ်တပ်နဲ့ ရဲအပါအဝင် ဌာနဆိုင်ရာက ငွေတောင်းကြမ်းလို့ ကုန်တင်ယာဥ်အချို့ လုပ်ငန်းရပ်နားကုန်တယ်လို့ ကုန်တင်ယာဥ်မောင်းတွေက ပြောပါတယ်။
ကုန်တင်ယာဥ်မောင်းတွေဟာ ယာဥ်ပိုင်ရှင်ဆီက ခေါက်ကြေးစနစ်နဲ့မောင်းနှင်ရပြီး လက်ရှိကာလမှာ စစ်ဆေးရေးဂိတ်တွေကို ပိုက်ဆံပေးရတာကြောင့် တွက်ခြေမကိုက်တော့ဘဲ ကုန်ကားပြန်အပ်လိုက်ရတယ်လို့ ဓနုဖြူမြို့နယ်က ကားသမားတဦးက ပြောပါတယ်။
"အရင်က အသွားတခေါက် နှစ်သိန်း၊ အပြန်တခေါက် နှစ်သိန်းရတယ်။ ဟိုပေးဒီပေး၊ စပယ်ယာခ၊ ယာဥ်မောင်းခနုတ်ပြီး နှစ်သိန်းကျန်တယ်။ အခုငါးသောင်းကျန်ဖို့တောင် မလွယ်ဘူး။ ဧရာဝတီတိုင်းက ငွေတောင်းကြမ်းဆုံးပဲ၊ အဲ့ဒါကြောင့် ကားပြန်အပ်လိုက်တာ။"
ဧရာဝတီတိုင်း အဝင်ဂိတ်ကပြီး မြို့နယ်အသီးသီးရှိ ဂိတ်အားလုံးကို ကုန်တင်ယာဥ်မောင်းတွေက ပေးရတာကြောင့် လုပ်အားခတောင် မကျန်တော့ဘူးလို့ ညောင်တုန်းမြို့နယ်မှ ယာဥ်မောင်းတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"ပြောချင်တဲ့သဘောက ဂိတ်တိုင်းလိုလိုတောင်းတာ မပေးမနေရပဲ။ ပန်းတိုင်ဂိတ်မှာဆို ရဲရှိတယ်၊ မော်တော်ပီကယ်ရှိမယ်၊ စစ်သားရှိတယ်၊ အုပ်ချုပ်ရေးအဖွဲ့ရှိတယ်၊ အကုန်ပေးရတာ။ ဧရာဝတီတိုင်းက ဂိတ်တွေက ငွေတောင်းကြမ်းပြီး လူပါးဝဆုံး၊ မယုံရင်ကြိုက်တဲ့သူလာကြည့်။"
အချို့မြို့နယ်တွေမှာတော့ စစ်တပ်၊ ရဲ၊ စစစ၊ ထွေအုပ်၊ မော်တော်ပီကယ်အပြင် ပြည်သူ့စစ်တွေ လည်းရှိပြီး ငွေမပေးပါက ဆဲဆိုရန်လုပ်တယ်လို့ ယာဥ်မောင်းတဦးက သူ့အတွေ့အကြုံကို အခုလို ရှင်းပြပါတယ်။
"ရေနံမြေလမ်းဆုံမှာဆို ရဲဂိတ်ရှိတယ်၊ ထန်းတပင်ဂိတ်လည်းရဲရှိတယ်။ ဓနုဖြူဆို စစ်တပ်ရှိတယ်၊ ဧရာဝတီတံတား အတက်အဆင်းမှာ စစ်တပ်ရှိတယ်။ တခါတလေ ငွေတောင်းတာ ပြန်ကြည့်မိရင် လုပ်ပိုင်ခွင့်ရှိလို့ တောင်းတာကွလို့ ပြောတာ။"
ဧရာဝတီတိုင်းအတွင်း ကုန်တင်ယာဥ်မောင်ေတွေဟာ ဂိတ်တခု၊ အဖွဲ့အစည်းတခုကို တထောင်ကျပ်နှုန်း။ တရက်ကို အသွားနှစ်သောင်းခွဲနဲ့ အပြန်နှစ်သောင်းခွဲ လုပ်အားခထဲက ကုန်ကျနေတယ်လို့ ယာဥ်မောင်းတွေက ပြောပါတယ်။
စစ်တပ်နဲ့ရဲအပြင် ဌာနဆိုင်က ငွေတောင်းကြမ်းလို့ ယာဥ်မောင်းတွေ အလုပ်ရပ်နားထားသလို ယာဥ်တန်ပိုချိန်ခတွေနဲ့ ကုန်ပစွည်းအမှားအယွင်းဖြစ်ပါက ငွေကြေးကုန်ကျများတာကြောင့် ယာဥ်ပိုင်ရှင်တွေကလည်း ရပ်နားလာကြတယ်လို့ ယာဥ်ပိုင်ရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
"တန်ပိုချိန်တာ အရင်ကသုံးထောင်၊ အခုခြောက်ထောင်၊ ကုန်ပစွည်းအပေါ်မူတည်ပြီးပြောပြတာ။ ဒါက ပြဿနာမဟုတ်ဘူး၊ အဓိကပြဿနာက စစ်တဲ့အဖွဲ့မှာ မူးရူးနေတဲ့ သူတွေပါလာရင် ကုန်တွေကို လှန်လျော ဖျက်ဆီးတာ။ တခါက ကျမ ယာဥ်မောင်းကောင်လေး စစ်သားသွားကြည့်မိ လို့ ရိုက်နှက်ပြီး အချုပ်ထဲ ထည့်မယ်လုပ်လို့ သိန်းသုံးဆယ်လောက်ကုန်သွားတယ်၊ အာ့ကြောင့် နားတာ။”
ဧရာဝတီတိုင်းက ကုန်တင်ယာဥ်မောင်းတွေနဲ့ယာဥ်ပိုင်ရှင်တွေဟာ အရင်အစိုးရလက်ထက် မိသားစုသဖွယ် လုပ်ကိုင်စားသောက်ကြပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ဆေးဂိတ်တွေမှာ နေရာဝင်ယူ ငွေကြေးအဆမတန်တောင်းတာကြောင့် အလုပ်လက်မဲ့ဖြစ်ကုန်တယ်လို့ သိရပါတယ်။