မကွေးတိုင်း ထီးလင်းမြို့နယ်၊ အကြည်ဘန်းရွာကို မေ ၆ ရက် မနက်မှာ စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးကာ ပြည်သူတချို့ပိတ်မိပြီး ဖမ်းဆီးခံရတာတွေလည်း ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောင်းရွာဘက်ကနေ အကြည်ဘန်းရွာကို ဒီနေ့ မနက် ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ထီးလင်းမြို့နယ် ဒေသခံ တဦ်က ပြောပါတယ်။
“အဲဒီရွာမှာ အိမ်ခြေ ၁၅၀ လောက်ရှိပြီး စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးလို့ ဘုန်းကြီး ကျောင်းအပါဝင် နေအိမ်အဆောက်ဦ ၃ လုံးလောက်ပဲ ကျန်တယ်လို့ သတင်းရတယ်။ ပြည်သူတွေ ပိတ်မိတာတွေလည်းများတယ်။ ဖမ်းဆီးခံရတာတွေလည်းရှိမယ်။”
အဲဒီကျေးရွာကို ပထမဆုံးအကြိမ် စစ်ကောင်စီ စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး မေ ၄ ရက်က အောင်းကျေးရွာနားမှာ ချုံခိုတိုက်ခိုက်ခဲ့တာကြောင့် တောင်လှန်ရေးတပ်ဖွဲ့တွေ အဲဒီရွာဘက်ကို ဆုတ်သွားတယ်လို့ထင်ပြီး မေ ၅ ရက် ည ၁၂ နာရီလောက်မှာ ညောင်ရွာကနေတဆင့် မေ ၆ ရက် မနက်မှာ အကြည်ဘန်းရွာဘက်ကို စစ်ကြောင်းထိုးတာလို့ ဆိုပါတယ်။
ရွာသားတဦးက “အကြည်ဘန်းရွာက သက်ကြီးပိုင်းအဘိုးအိုတယောက် သေဆုံးသွားလို့ အသုဘ ချနေတဲ့အချိန်မှာ စစ်ကြောင်းထိုးတာ။ အဲဒီ အသုဘတောင်သင်္ချိုင်းကို မပို့နိုင်ခဲ့ဘဲ ထွက်ပြေးခဲ့ ကြတာ။ ဘာပစ္စည်းမှ ယူချိန်မရလိုက်ဘဲ ထွက်ပြေးကြရတာ” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းက အလယ်ဘန်းရွာကို ဝင်နေပြီလို့ သတင်းရပြီး အကြည်ဘန်းရွာနား မှာလည်း ကင်းပုန်းတွေ ချထားလို့ နယ်မြေရှင်းလင်းရေး မလုပ်နိုင်သေးသလို ဆက်သွယ်ရေး ဖုန်းလိုင်းတွေ ပြတ်တောက်နေလို့ ပျက်စီဆုံးရှုံးမှုနဲ့ ပြည်သူတွေ ဖမ်းဆီးခံရတဲ့ အခြေနေတွေကို အတိကျ အတည်မပြုနိုင်သေးဘူးလို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ထနောင်းတောတောင်ရွာကို ဒီနေ့ ဝင်ရောင် မီးရှို့ခဲ့တာကြောင့် ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အို ၃ ယောက် ပိတ်မိသေဆုံးသွားပါတယ်။
မုံရွာ-မန္တလေးအမြန်လမ်းပေါ် မြေနဲကျေးရွာအဝင် စွမ်းရည်ထက်ဆီဆိုင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲမရှိဘဲ ရွာထဲကိုလာပြီး မီးရှို့ဖျက်ဆီးတာလို့ ဒေသခံတွေက ပြေပါတယ်။
"သူတို့ အယောက် ၃၀ လောက်ရှိတယ်။ မနက် ၆ နာရီလောက်မှာ သေနတ်တွေဖောက်ပြီးဝင်လာတော့ အနားကရွာကလူတွေပါ ပြေးကြရတာပေါ့။ ရွာထဲရောက်တာနဲ့ မီးရှို့တော့တာပဲ" လို့ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေ မီးရှို့ချိန်မှာ အိမ်မှာပဲကျန်ခဲ့တဲ့ အသက် ၇၀ ကျော်အရွယ် အဘိုးအို ၂ ယောက်နဲ့ အဘွားအို ၁ ယောက်တို့ ပိတ်မိပြီး သေဆုံးခဲ့ပါတယ်။
ရွာမှာလည်း ကား၊ ဆိုင်ကယ် စတဲ့ ပြည်သူတွေရဲ့ ပစ္စည်းတွေနဲ့အတူ အိမ်ခြေ ၆၀ ကျော် မီးလောင်ပျက်စီးသွားပါတယ်။
"အိမ်စာရင်းကတော့ အတိအကျမသိရသေးပါဘူး။ အခုထိလည်း မီးကမငြိမ်းသေးဘူး။ လေက ကြမ်းလာနေပြီ" လို့ ဒေသခံတယောက်က အခု ည ၉ နာရီကျော်အချိန်မှာ ဒီဗွီဘီကို ပြောပါတယ်။
ထနောင်းတောတောင်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ နေ့လယ်ပိုင်းမှာ တောပုမြောက်ပိုင်းပျူကျေးရွာကတဆင့် ဆိုင်ကယ်တွေနဲ့ သူတို့အထိုင်ချတဲ့ စွမ်းရည်ထက်ဆီဆိုင်ကို ပြန်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကလည်း စစ်ကောင်စီတပ်ဟာ ထနောင်းတောမြောက်ရွာနဲ့ တောင်ရွာက ပြည်သူတွေရဲ့နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။