ကရင်နီ(ကယား)ပြည်နယ်၊ မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကားတချို့ ပျက်စီးပြီး စစ်သားတွေ ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ ကရင်နီ စစ်ဘက်ဆိုင်ရာ ပြန်ကြားရေး-KnIC က ထုတ်ပြန်ပါတယ်။
ဧပြီ ၂၁ ရက် မနက် ၂ နာရီလောက်က မိုးဗြဲ-လွိုင်ကော်လမ်းပိုင်း တနေရာမှာ စစ်ကောင်စီယာဉ်တန်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ ဗိုလ်တစ်ထောင်တပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ကားတချို့ပျက်စီးပြီး စစ်သားတွေ ထိခိုက်သေဆုံးမှု များနိုင်ကာ စစ်ကောင်စီတပ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး မိုးမြဲ-လွိုင်ကော် လမ်းတလျှောက် အစစ်အဆေး ကြမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီ ၁၅ ရက်ကလည်း မိုးဗြဲ-လွိုင်ကော် လမ်းမကြီးတနေရာမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား ရှောင်တခင်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အသွားအလာတွေ ဆင်ခြင်ပေးကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၃ က အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်က ကရင်နီပြည် ဒေါညေးခူကျေးရွာနဲ့ ဘောလခဲကို သွားရာလမ်းပိုင်းမှာ စစ်ကောင်စီတပ် ခလရနဲ့ ကရင်နီတပ်မတော် KA၊ KNDF တပ်ရင်း ၂၁ ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၈ ဦးသေဆုံးကာ ၁ ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။
မန္တလေးတိုင်း၊ တကောင်းမြို့နယ်မှာ မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီလောက်က စစ်ကား ၇ စီးပါ စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်းမြို့နယ် ပကဖ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
တွင်းငယ် ၁၃ တပ်ကနေ တကောင်းလမ်းဆုံကို ထွက်လာတဲ့ စစ်ယာဥ်တန်းကို မြနန္ဒာရွာအနီးမှာ မိုင်းလေးလုံးဆွဲ တိုက်ခိုက်ခဲ့တာလို့ တကောင်းပကဖက မတ်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တကောင်းပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “ထိခိုက်မှုကတော့ ၁၀ ယောက်လောက်သေတယ် ကြားပါတယ်။ တကောင်းလမ်းဆုံက ဆီဆိုင်မှာ နားတယ်၊ လူနာတွေကို တကောင်းမြို့ ဆေးရုံထဲ ခေါ်သွားတာ” လို့ ပြောပါတယ်။
စစ်ယာဥ်တန်း မိုင်းဆွဲခံရပြီး ကားပေါ်ပါ စစ်သားတွေ ရမ်းပစ်ခတ်ခဲ့ကာ ကားက အပေါ်ပိုင်းသာ ထိခဲ့တာကြောင့် တကောင်းလမ်းဆုံကိုပဲ ဆက်သွားခဲ့တယ်လို့ ပြောပါတယ်။
တကောင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ပြည်သူတွေအနေနဲ့ သတိနဲ့ သွားလာကြဖို့ တကောင်းပကဖက သတင်းထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာလည်း မန္တလေး-မြင်းခြံလမ်းမ၊ မိုင်တိုင်အမှတ် ၁၂/၁ ဖာလုံ၊ ကျောက်လုံးကြီးကွေ့အနီးမှာ မတ်လ ၂၇ ရက် ညနေ ၆ နာရီ ၁၅ မိနစ်လောက်က သာသနာ့ယာဉ်နံပါတ်ပြားတပ် ဘုန်းကြီးကားတစီး မိုင်းဆွဲခံရလို့ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံပရဟိတအသင်းက ပြောပါတယ်။
အဲ့ဒီကားဟာ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းရှိ အလိုတော်ပြည့်ဘုန်းကြီးကျောင်းက ဘုန်းကြီးတပါးနဲ့ ယာဉ်မောင်းဖြစ်သူတို့က ညောင်ဦးကနေ မောင်းလာတဲ့ အဖြူရောင် ALPHARD ကားဖြစ်တယ်လို့ သိရပါတယ်။
“သတင်းဝင်တာက ညနေ ၆ နာရီကျော်လောက်မှာပါ။ ကားတစီး မိုင်းထိသွားတယ်လို့ ပြောတာ။ ဟိုရောက်တော့ ကားထဲမှာ ဘုန်းကြီးက ဗိုက်ပွင့်ထားတယ်၊ ကန့်လန့်ဖြတ်ပုံစံနဲ့ မှန်ထားတာ။ ဒရိုင်ဘာက မျက်နှာဖူးယောင်ဒဏ်ရာ ရထားတယ်။ ကားရဲ့ဘေးဘက်မှန်တွေနဲ့ အနောက်ဘက်ခြမ်းတွေ ထိထားတယ်” လို့ မြို့ခံလူမှုကယ်ဆယ်ရေးအသင်းက ဆိုပါတယ်။
မိုင်းဆွဲခံရတာကြောင့် သက်တော် ၄၅ နှစ်၊ ဝါတော် ၂၀ ရှိ ဘုန်းကြီးမှာ ဗိုက်ပွင့်အူထွက် ဒဏ်ရာ၊ မျက်နှာထိမှန် ဒဏ်ရာတွေ ရရှိခဲ့ပြီး အသက် ၅၅ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူမှာ နှာခေါင်း၊ နဖူး ပွန်းပဲ့ပေါက်ပြဲဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရသွားတဲ့ ဘုန်းကြီးကို စိုးရိမ်ရလူနာအဖြစ် ညောင်ဦးမြို့နယ်ဆေးရုံ အရေးပေါ်ဌာနကို ပို့ဆောင်ထားတယ်လို့ သိရပြီး ဘယ်အဖွဲ့က ထောင်တဲ့မိုင်းမှန်း မသိရသေးပါဘူး။