close

စစ်တပ်လက်နက်ကြီး

close

April 11, 2023

စစ်တပ်လက်နက်ကြီးကြောင့် တန့်ဆည်ပြည်သူနှစ်ဦး ဒဏ်ရာရ၊ ပုလဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ချောင်းရိုးကျေးရွာကို ဧပြီ ၁၁ ရက်နေ့ မနက် ၅ နာရီကျော်လောက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး ပစ်ခတ်သွားတာကြောင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာဘက်ကို စစ်ကြောင်းထိုးလာထိုးလာလို့ ရွာထိပ်က ကာကွယ်ရေးကင်းနဲ့ တွေ့ပြီး ပစ်ခတ်တာတွေ ဖြစ်ကြသေးတယ်။ လက်နက်သံတွေကြားရတော့ ရွာထဲက လူတွေ အကုန်ထွက်ပြေးရတယ်။ အဲလိုထွက်ပြေးတာကို စစ်ကောင်စီက ၄၀ မမ ၃ လုံးနဲ့ ပစ်ခတ်လို့ ကျနော်တို့ရွာက အသက် ၅၀ ကျော်အရွယ်နဲ့ အသက် ၄၀ ကျော် အမျိုးသမီးတွေ ဒဏ်ရာရတာတွေရှိတယ်ဗျ။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူး” လို့ ချောင်းရိုးရွာ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီကတော့ ချောင်းရိုးရွာအပါဝင် ရေဦးမြို့နယ်အတွင်းက ဘုန်ကြီးကျောင်းတကျောင်းကိုလည်း မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့စစ်ကြောင်းဟာ  စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ဘက် ထွက်သွားပြီး အင်းကန်ရွာအနီးမှာ ဒီနေ့မနက် ၈ နာရီကျော်လောက်ကစတင်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ ၁ နာရီလောက်ကြာ တိုက်ပွဲဖြစ်ပွား‌ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းကန်ရွာသားတဦးက “ဒီနေ့မနက်ခင်း အင်မထီးရွာကနေ အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထွက်လာပြီလို့ ကာကွယ်ရေးကင်းအဖွဲ့ ပြောတာနဲ့ ကျနော်တို့ဒေသခံတွေ အကုန်ထွက်ပြေးရတယ်။ ကျနော်တို့ ရွာထဲကနေ ထွက်လာပြီး  ခဏနေတော့  ပစ်သံ၊ ခတ်သံတွေ ကြားရတယ်။ အသေအဆုံးကတော့ မသိရသေးဘူး။ ကျနော်တို့လည်း အခုအချိန်အထိ ရွာထဲမဝင်ရသေးတော့ (-) တွေ ရွာထဲကနေ ဘာတွေယူလို့၊ ဘာတွေ ဖျက်ဆီးသွားမယ်ဆိုတာကတော့ အတိကျမသိရသေးဘူး” လို့ ပြောပါတယ်။

အင်မထီးရွာကနေထွက်လာတဲ့ စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်ဟာ ကိုင်းကန်၊ အင်းကန် စတဲ့ကျေးရွာတွေက စားနပ်ရိက္ခာတွေကို လုယူကာ နွားလှည်း ၃၀ ကျော်ပေါ်တင်ပြီး ယူဆောင်သွားကြတယ်လို့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

“သူတို့ အင်မထီးပျူရွာကနေ ထွက်မယ်လို့ သတင်းကြားထားလို့ မိုင်းကွင်းထောင်ပြီး ၃ ရက်ရှိပြီ စောင့်နေတာ။ စခတွေက ကျနော်တို့ ခင်းထားတဲ့ မိုင်းကွင်းတွေရှောင်ပြီး အင်းကန်ရွာထဲဝင်ပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေ လှည်းပေါ်တင်တာတွေ လုပ်တယ်။ သူတို့ရွာထဲကနေထွက်လာပြီး အင်းကန်တောင်ဘက်၊ ကိုင်းတွင်းရွာအနောက်ဘက်မှာ ကျနော်တို့ တော်လှန်ရေးအင်အားစုနဲ့ နာရီဝက်‌ခန့် တိုက်ပွဲဖြစ်ကြသေးတယ်။ အကျအဆုံးကတော့ နှစ်ဖက်လုံးမရှိလောက်ဘူး။ ကျနော်တို့လည်း လက်နက်အင်အားမမျှလို့ နောက်ဆုတ်ခဲ့တယ်” လို့ ပေါက်မြို့နယ်ရပ်ကျေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗိုလ်စကားပြောက်ကျားတပ်ဖွဲ့မှ ‌ထွေးညိုက ပြောပါတယ်။

အခုတိုက်ပွဲကို ပုလဲမြို့နယ်အတွင်းက တပ်ရင်းတပ်ဖွဲ့တွေ၊ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေ ပါဝင်ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ညနေပိုင်းမှာ  ပုလဲမြို့နယ် မင်တိုင်ပင်ရွာမှာ ရောက်ရှိ တပ်စွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဦးတည်ရာတလျှောက်က ကျေးရွာတွေကတော့ အရေးပေါ် နေရပ်စွန့်ခွာနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

13 hours Ago

April 9, 2023

ဖယ်ခုံတွင် စစ်တပ်လက်နက်ကြီးကြောင့် ခရစ်ယာန်ဘုရားကျောင်းနှင့် နေအိမ် ၁၀ လုံးပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းကကျေးရွာ ၁၅ ရွာနီးပါးကို ဖယ်ခုံ အခြေစိုက်  ခမရ − ၇ က  လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့  နေ့ရောညပါ ပစ်ခတ်နေတယ်လို့ ဖယ်ခုံ PDF တပ်ရင်း ၂ ထောက်ပို့အဖွဲ့ကနေ သိရပါတယ်။

ဧပြီ ၈ ရက်အထိ ၃ ရက်တာအတွင်း  ရွှေစန်း၊ ဒေါ်ပေါကူး၊ နောင်လိုင်၊ နန့်ဟူနဲ့ ဆောင်ဒူလန် ကျေးရွာစတဲ့ ကျေးရွာတွေကို ပစ်ခတ်ခဲ့တဲ့အတွက်  ဒေသခံနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့တဲ့ပါတယ်။

ဒါ့အပြင် ခရစ်ယာန်ဘုရားကျောင်း တကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ရသလို ဒေသခံပြည်သူတွေဟာ  တောင်ယာတွေထဲနဲ့ နီးစပ်တဲ့ ကျေးရွာတွေဆီကို နှစ်ညအိပ် သုံးညအိပ် ခေတ္တ ရှောင်တိမ်းနေကြရပါတယ်။

Pekhon PDF တပ်ရင်း ၂ ထောက်ပို့အဖွဲ့  တာဝန်ရှိသူ တဦး က “ကျေးရွာနာမည်အတိအကျတော့ ပြောလို့မရဘူး။ ရွာ ၁၅ ရွာလောက်ကို  နေ့ရောညပါ လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ကိုယ့်ရွာအပစ်ခံရရင် အနီးနားက ရွာတွေကို တစ်ည၊ နှစ်ညလောက် ဖြစ်ဖြစ် ရှောင်နေကြတယ်။ စစ်ရှောင်ရတာလဲ ခက်ခဲတယ်ဆိုတော့ ဒေသခံတွေက လချီ နှစ်ချီပြီး စစ်မရှောင်ချင်ကြဘူး” လို့ ပြောပါတယ်။

မတ် ၁၁ ရက်က ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကို  စစ်ကောင်စီစစ်ကြောင်းကို ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဘက်က ၂၈ ဦး သေဆုံး၊ စစ်သုံပန်း ၆ ဦးနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို တာဝန်ရှိသူတွေဆီက သိရပါတယ်။

3 days Ago
Up