စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကန်ချောင်အုပ်စု၊ အောင်မိုးကျေးရွာကို အောက်တိုဘာ ၁၄ ရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဟာ သေနတ်ပစ်ဖောက်ဝင်လာပြီး ဒေသခံပြည်သူ ၁၀ ဦး ထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ညပိုင်း ၈ နာရီကျော်က စစ်ကောင်စီတပ်အင်အား ၃၀ ဝန်းကျင်လောက်ဟာ သေနတ်တွေ ပစ်ဖောက်ပြီး ဝင်လာတာကြောင့် ဒေသခံပြည်သူတွေ ကြောက်လန့်တကြီး ထွက်ပြေးကြရာကနေ ရွာသား ၁၀ ထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကျေးရွာအတွင်းက အိမ်တစ်အိမ်မှာ PDF တွေရှိတယ်ဆိုပြီး သတင်းပေးမှုကြောင့် ဝင်လာတာလို့သိရပါတယ်။
ရိုက်နှက်ဖမ်ဆီးခံခဲ့ရတဲ့ ရွာသားတွေကို လတ်တလော ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ရွာသားတွေက ဆိုပါတယ်။
အောင်မိုးကျေးရွာဟာ စစ်မှုထမ်းဟောင်းအများစုနေထိုင်တဲ့ အောင်ဇေယျမြို့သစ်ရပ်ကွက် အနားမှာရှိပြီး ဒီကနေ့ အောက်တိုဘာ ၁၅ ရက်မှာလည်း စစ်ကောင်စီတပ်တွေ ထပ်မံလာရောက်မယ်ဆိုတဲ့သတင်းကြောင့် ဒေသခံပြည်သူတွေ နေအိမ်တွေမှာမနေရဲဘဲ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲက လက်ခုပ်ပင်ရွာကို စက်တင်ဘာ ၁၅ ရက်ညက အကြမ်းဖက်စစ်တပ်တွေ ဝင်ရောက်စီးနင်းတာကြောင့် ရွာလုံးကျွတ်ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနေ့ည ၇ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်အင်အား ၄၀ ကျော် လောက်ဟာ သေနတ်တွေ ဆက်တိုက်ပစ်ဖောက်ပြီး ရွာကို ဝင်ရောက်စီးနင်းထားတာကြောင့် အိမ်ခြေ ၅၀၀ လောက်က ဒေသခံပြည်သူတွေ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရတယ်လို့ လက်ခုပ်ပင် ရွာသား တစ်ယောက်က ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုတွေဟာ အဲဒီရွာမှာရှိတဲ့ လူငယ်ခေါင်းဆောင် ကိုဖြူကြီးကို လာဖမ်း တာဖြစ်ပြီးတော့ ဖမ်းမမိတဲ့အတွက် ဒီကနေ့ မနက်ပိုင်းအထိ ကိုဖြူကြီးရဲ့ နေအိမ်မှာ တပ်စွဲ ထားကြတယ်လို့ ဆိုပါတယ်။