အီရန်စစ်တပ်က သုံးနေတဲ့ အမေရိကန်ထုတ် F5 ဂျက်လေယာဉ်ဟာ အီရန်နိုင်ငံ အနောက်မြောက်ပိုင်းက တာဘရစ်ဇ်မြို့ ကျောင်းနံရံကို ဖေဖော်ဝါရီ ၂၁ ရက်က ဝင်တိုက် ပျက်ကျခဲ့တာကြောင့် လေယာဉ်မှူး ၂ ဦးနဲ့ မြေပြင်ပေါ်က လူ ၁ ဦး သေဆုံးတယ်လို့ အီရန်အစိုးရ ရုပ်သံက ဖော်ပြပါတယ်။
“လေယာဉ်ပျက်ကျချိန်မှာ ကျောင်းပိတ်ထားတယ်။ နည်းပညာချို့ယွင်းလို့ လေယာဉ်ပျက်ကျတာ ဖြစ်ပုံရတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေး နေဆဲပါ။ လေယာဉ်မှူးနဲ့ သင်တန်းသား လေယာဉ်မှူးတို့နဲ့အတူ ကားနဲ့ဖြတ်သွားတဲ့ အရပ်သား တယောက် သေဆုံးတယ်” လို့ စစ်တပ်ပြောခွင့်ရ ရှဟင်းတာကီခါနီက ပြောပါတယ်။
အီရန်မှာ ညံ့ဖျင်းတဲ့ လေကြောင်းဘေးကင်းရေး စံချိန်ရှိလို့ လေယာဉ်တွေ ထပ်ခါတလဲလဲ ပျက်ကျနေပြီး ၁၉၇၉ အစ္စလာမစ်တော်လှန်ရေးမတိုင်ခင်က ဝယ်ထားတဲ့ အမေရိကန်လုပ် လေယာဉ်တွေလည်း အများအပြားပါတယ်လို့ ပညာရှင်တွေက ပြောပါတယ်။
အီရန် ကျောင်းသားတွေက အမေရိကန် သံတမန်တွေကို ဓားစာခံအဖြစ် ပြန်ပေးဆွဲအပြီး ၁၉၈၀ မှာ အမေရိကန်က အီရန်ကို သံတမန်အဆက်အသွယ် ဖြတ်တောက်ပြီး ဒဏ်ခတ်ခဲ့တာပါ။
ဒါကြောင့် အီရန်အစိုးရအနေနဲ့ စစ်တပ်နဲ့ အရပ်ဘက်သုံး လေယာဉ်တွေအတွက် အပိုပစ္စည်းဝယ်ဖို့ အခက်တွေ့ခဲ့ပါတယ်။