ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကို ဇူလိုင် ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ စစ်ကောင်စီက တပ်အင်အား အလုံးအရင်းနဲ့ တိုးချလာနေတာကြောင့် တိုက်ပွဲဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဒီနေ့မနက် ၁၀ နာရီက စတင်ပြီး အငူမော်ဆိပ်ကမ်းမှတဆင့် စစ်ကောင်စီက စစ်သင်္ဘောဇက်ကမ်းထိုးရေယာဥ် ၂ စီးနဲ့ လက်နက်တွေအပါအဝင် အင်အားအလုံးအရင်း တိုးချနေတာလို့ အငူမော်ဒေသခံတဦးက ပြောပါတယ်။
“ဒီနေ့မနက် အငူမော်ဆိပ်ကမ်းမှာ စစ်ကောင်စီရဲ့ ဇက်စစ်သင်္ဘော ၂ စီးဆိုက်ကပ်ပြီး စစ်သားအင်အား ၃၀၀ လောက်ပါမယ်၊ လက်နက်ခဲယမ်းတွေလည်း ပါတာတွေ့ရတယ်။ စစ်ကားအစီး ၂၀ ကျော်ရှိမယ် အခုတင်နေတယ်။”
ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းကလည်း စစ်ကား ၁၀ စီးနဲ့ ဘူးသီးတောင်ကို အင်အားတိုးချခဲ့ကြပြီး မောင်တောမြို့ ၄ မိုင်ရှိ အမှတ်၂ နယ်ခြားစောင့်တပ်ရင်းကိုလည်း အင်းအား ၁၀၀ ကျော်လောက် တိုးချတာ တွေ့ရှိရတယ်လို့ ၄ မိုင်ရပ်ကွက် ဘူးသီးတောင် ဒေသခံတဦးက ပြောပါတယ်။
“စစ်ကားတွေနဲ့ လာတာရှိသလို အရပ်ဝတ်တွေနဲ့ အရပ်သားကားတွေငှားပြီး လာတာတွေလည်းရှိတယ်။ မနေ့က နခခ ၂ ကိုလာတဲ့ အင်အား ၁၀၀ ကျော်က အရပ်ဝတ်တွေနဲ့ အရပ်သားကားနဲ့လာကြတာ။”
ပြီးခဲ့တဲ့ မေ ၁၇ ရက် နေ့လယ်ကလည်း စစ်ကောင်စီက စစ်ကား ၁၇ စီးနဲ့ အငူမော်မှတဆင့် ဘူးသီးတောင်မြို့ကို လူအင်အား၊ လက်နက်၊ ရိက္ခာနဲ့ လောင်စာဆီတွေပါ အင်အားဖြည့်တင်းခဲ့ကြပြီး အခုတဖန် စစ်ကား ၁၀ စီးနဲ့ အင်အားဖြည့်တင်းလာတာလို့ ဆိုပါတယ်။
မျက်မြင်ဒေသခံအချို့ကတော့ စစ်ကောင်စီတပ်အင်အား တလ ၅ ကြိမ်လောက် အင်အားအလုံးအရင်းနဲ့ ဖြည့်တင်းနေတာရှိသလို လူအပြောင်းအလဲ လုပ်တာတွေလည်း ရှိတယ်လို့ ဆိုကြပါတယ်။
“တပ်အင်အားတွေက အလယ်သံကျော်က ကမ်းထိုးယာဥ်နဲ့ တဆင့် ရောက်လာတာတွေလည်း ရှိတယ်။ အငူမော်ကနေ အရပ်သားအဝတ်တွေနဲ့ ကားငှားပြီး လာကြတာတွေလည်း ရှိတယ်” လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။
ဇူလိုင် ၁၅ ရက်နေ့က စစ်တွေမြို့မှာပြုလုပ်တဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ အစည်းအဝေးအတွင်း မောင်တောမြို့နယ်မြောက်ပိုင်းကို စစ်ဆင်ရေးတခုပြုလုပ်ဖို့ ညွှန်ကြားခဲ့ပြီးနောက် စစ်အင်အားတိုးချလာတဲ့အတွက် မောင်တောမြောက်ပိုင်းမှာ အေအေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ၃ နေရာ ဖြစ်ပွားခဲ့ကြတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁၈ ရက်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း မြဝတီကျေးရွာအနီး စစ်ကောင်စီကားတစီးကို အေအေက မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်က အယောက် ၂၀ ကျဆုံးပြီး တပ်ရင်းမှူး ၁ ဦး အပါအဝင် ၁၄ ဦး အဖမ်းခံခဲ့ရပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့ လေဆိပ်မှာ ဩဂုတ် ၃ ရက်နေ့က စစ်လေယာဉ်နဲ့ စစ်ကောင်စီတပ်သား အများအပြား ရောက်ရှိလာတာတွေ့ရတယ်လို့ ကလေးမြို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက "ကျနော်တို့ ကလေးမြို့လေယာဉ်ကွင်းကို စစ်သားအပြည့်တင်ဆောင်လာတဲ့ စစ်လေယာဉ် တစ်ရက်တည်း သုံးကြိမ်ဆင်းပြီး စစ်သားတွေ လာပို့တယ်ဗျ။ အချိန်ကတော့ အတိကျမှတ်မထားလိုက်မိဘူး။ ခန့်မှန်းကတော့ မနက် ၉ နာရီကတစ်ကြိမ် စစ်သားတွေလာပို့တယ်၊ ၁၂ နာရီက တစ်ကြိမ်နဲ့ ညနေ ၃ နာရီလောက်ကတစ်ကြိမ်အားလုံးပေါင်း တစ်ရက်တည်း စစ်သားအင်အားလည်း တော်တော်များတယ်။ လေယာဉ်ကွင်းကနေ စစ်ကားတွေနဲ့ မင်းကင်းဘက် ၇ စီးနဲ့ မင်းတပ်ဘက် ၁၁ စီး သွားတယ် ထင်တာပဲ” လို့ ပြောတယ်။
ကလေးမြို့မှာ တိုက်ပွဲတွေမရှိဘဲ အခုလို စစ်တပ်အင်အားအများအပြား ဒေသတွင်းကို တိုးချတာနဲ့ပတ်သက်ပြီး ကလေးမြို့ခံတွေက စိုးရိမ်နေကြပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်- မတူပီလမ်းပိုင်းမှာ ဇူလိုင်လကုန်ပိုင်းက CDF-မင်းတပ်၊ CNF၊ CDF-မတူပီ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဇော်ဇော်စိုး အပါအဝင် အများအပြားသေဆုံးခဲ့ပြီး ဒေသတွင်းစစ်ရေးအခြေအနေ တင်းမာနေတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့နဲ့ လေးလအတွင်း တိုက်ပွဲ ရှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၁၀၀ လောက်ကျဆုံးကာ ၄၀ ကျော် ဒဏ်ရာရသွားတယ်လို့လည်း ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (CNDF)ကလည်း ထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကစပြီး ကလေးမြို့ရဲ့ လမ်းမတွေပေါ်မှာ စစ်အာဏရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲတွေ နေစဉ်လိုလို ပြုလုပ်နေကြသလို စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေမှာလည်း အကြမ်းဖက်စစ်တပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ရရာလက်နက်စွဲကိုင် တော်လှန်နေကြတာ ဖြစ်ပါတယ်။