close

စစ်တပ်၏ပစ်ခတ်မှု

close

May 21, 2022

စစ်တပ်၏ပစ်ခတ်မှုကြောင့် မန္တလေးဆေးတက္ကသိုလ် ကျောင်းသား ၁ ဦး ဦးခေါင်းကျည်ထိမှန် သေဆုံး

စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိမှန်သေဆုံးခဲ့တဲ့ မန္တလေး ဆေးတက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုကျော်ညီဇင်ရဲ့ ရုပ်အလောင်းကို  မေ ၂၁ ရက် ညနေ ၃ နာရီက မန္တလေး အေးရိပ်ငြိမ် သုသာန်မှာ သင်္ဂြိုလ်ခဲ့ပါတယ်။

မေလ ၂၀ ရက်နေ့က မန္တလေး- မုံရွာကားလမ်းမပေါ် မြင်းမူအကျော်နေရာမှာ   စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် မန္တလေး ဆေးတက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုကျော်ညီဇင်ရဲ့ ဦးခေါင်းကို ကျည်ထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။

ကိုကျော်ညီဇင်ဟာ ဆေးတက္ကသိုလ် - မန္တလေး ၊ တတိယနှစ်သင်တန်း (၁၂/၂၀၁၇) က ကျောင်းသား ဖြစ်ပြီး  မိသားစုဝင်တွေနဲ့အတူ  ခရီးသွားလာနေစဉ် ကျည်ထိမှန်သေဆုံးခဲ့တာလို့ သိရပါတယ်။

ကိုကျော်ညီဇင်ဟာ စစ်ကောင်စီဖွင့်လှစ်နေတဲ့ တတိယနှစ် အမ်ဘီဘီအက်စ် သင်တန်း ( ပုံမှန် ) ကိုလည်း မတက်ရောက်ဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ သပိတ်မှောက်ကျောင်းသား  တဦးဖြစ်တယ်လို့ Medical Family Mandalay က ထုတ်ပြန်ထားပါတယ်။

5 mins Ago

May 2, 2021

ရွှေဘိုမြို့ သပိတ်စစ်ကြောင်းကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်း၊ ပြည်သူ ၁ ဦး ဒဏ်ရာရပြီး ၇ ဦး အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ပင်မသပိတ်စစ်ကြောင်းကို မေလ ၂ ရက် မနက်ပိုင်းက  စစ်တပ်နဲ့ရဲက  သေနတ်နဲ့ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် လူငယ်တစ်ယောက်ရဲ့ ပေါင်ကို သေနတ်ကျည်ဆန်ထိမှန် ဒဏ်ရာရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက သေနတ်နဲ့ရော အသံဗုံးနဲ့ပါ အချက် ၃၀ ထက်မနည်းပစ်ဖောက်ခဲ့ပြီး လူငယ် ၇ ယောက် ထက်မနည်း အဖမ်းခံလိုက်ရတယ်လို့ ရွှေဘိုမြို့ခံတစ်ယောက်က အတည်ပြုပါတယ်။

"အမှတ် ၇ ရပ်ကွက် ချီပါစုက သပိတ်ကိုဖြိုခွင်းတာပါ။ သူတို့ဘက်ကသေနတ်နဲ့ပစ်ပါတယ်။ သူတို့ဘက်မှာအရပ်ဝတ်တွေလည်းပါပါတယ်။ တစ်ယောက်ကတော့ ပေါင်ကိုသေနတ်ထိသွားတယ်။ ပစ်တာကျည်အစစ်ပါ"လို့ပြောပါတယ်။

ဒီနေ့မနက်ပိုင်း ဆိုင်ကယ်သပိတ်ကိုတော့ လူငယ်တွေက အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရွှေဘိုမြို့မှာ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ လက်နက်ကိုင်တပ်တွေက ပြည်သူတွေကို  တစ်နေကုန် စစ်ဆေးတာ၊ ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ရွှေဘိုမြို့မှာ အင်တာနက်လိုင်းတွေ တနေကုန်ပြတ်တောက်နေတဲ့အတွက် သတင်းအချက် အလက်တွေရဖို့ အခက်အခဲရှိနေပါတယ်။ ဘယ်သူတွေဖမ်းဆီးခံရတယ်ဆိုတာကိုလည်း အတည်ပြုဖို့ခက်နေတယ်လို့ သပိတ်မှာပါဝင်သူတွေကပြောပါတယ်။

1 year Ago
Up