စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ လမ်းစုံမှာ တပ်စွဲပြီး စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဂိတ်ကို ဒီနေ့ မေ ၁၁ ရက် မနက် ၉ နာရီ ၄၅ မိနစ်က ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
အဆိုပါ စစ်ဆေးရေးဂိတ်မှာ ရဲနဲ့ စစ်သား ပူးပေါင်းပြီး စစ်ဆေးရေးပြုလုပ်နေတဲ့ ဂိတ်တခု ဖြစ်တယ်လို့လည်း ဒေသခံ ကာကွယ်ရေးအဖွဲဝင်တွေက ပြောပါတယ်။
ZERO ပြောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီးက “အဲ့စခန်းမှာက ရဲနဲ့ စစ်သားကတော့ ၁၅ ယောက်ရှိတယ်ဗျ။ ဒါမျိုးပွဲလုပ်နိုင်ဖို့ ကျနော်တို့ဘက်က ကြိုတင် သတင်းထောက်လှမ်းတာတွေ အရင်လုပ်ပြီး သေချာမှ လုပ်တာဗျ။ ကျနော်တို့ ဒရုန်းနဲ့ မိုင်းအကြီး ၄ လုံးချ တိုက်ခဲ့တယ်။ ချတဲ့မိုင်းကတော့ အတိအကျ စခ၊ ရခတွေအနီး ကျရောက်ပေါက်ကွဲခဲ့တယ်။ စခ၊ ရခ ကျနော်တို့မိုင်းချလို့ ၆ ကောင် သေတယ်၊ ၇ ကောင် ဒဏ်ရာရတယ်။ အတိအကျသိရနိုင်ဖို့ ကျနော်တို့ မစ်ရှင်မစခင် ကိုယ့်ဘက်က (--)ဂိတ်အနီးမှာသွားပြီး စကောက်တဦး အရင်သွားထားတော့ အတိအကျ အခုလိုသိရတယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မူကို ZERO ပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း-၇ မြင်းခြံခရိုင် နဂါးနီတပ်ရင်း၊ တပ်ရင်း-၁ ကျောက်ဆည်ခရိုင်နဲ့အတူ တပ်ရင်း-၁၅ ရွှေဘိုခရိုင်၊ ဆားတောင်မိုးကြိုးအဖွဲ့နဲ့ နယ်မြေခံ PDF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဘိုခြံမှတ်တိုင်အနီးမှာ စစ်ကောင်စီ အိမ်စီးကား Honda Fit အမျိုးအစားနဲ့ လာရောက်ဂိတ်ချနေပြီး ပြည်သူတွေထံက အဓမ္မငွေတောင်းခံနေတဲ့ စစ်ကောင်စီတပ်နဲ့ ရဲ၊ ယာဉ်ထိန်းရဲ ပူးပေါင်းဂိတ်ကို God's Hand Force တပ်ဖွဲ့က ဧပြီ ၆ ရက် မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီနေ့မနက် ၉ နာရီ ၂၅ မိနစ်လောက်မှာ မင်္ဂလာဒုံ ဘိုခြံမှတ်တိုင်အနီး လူနေအိမ်ခြေ ကျဲပါးတဲ့နေရာမှာ လမ်းသွားလမ်းလာ လုံခြုံရေးလို့ အကြောင်းပြပြီး ဓားပြဆန်ဆန် တောင်းခံနေတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သားတယောက် မှောက်ရက်လဲကျခဲ့တယ်လို့ GHF တာဝန်ခံ ဆရာကျောင်းက ဒီဗွီဘီကို ပြောပါတယ်။
“အဲ့နေရာက လူနေအိမ်ခြေ နည်းတာကြောင့် ပြည်သူတွေကို မထိခိုက်ဖို့ ထွေထွေထူးထူး မပြင်ဆင်လိုက်ရဘူး။ ဒီကောင်တွေ ဓားပြလိုမျိုး ပိုက်ဆံတောင်းပြီး ရစ်နေတဲ့ဂိတ်ပါ။ အိမ်စီးကားနဲ့ မနက်လာတယ်၊ ညနေပြန်တယ်၊ အဲ့ပုံစံမျိုး။ စစ်သားတယောက်ကတော့ နေရာမှာ မှောက်ရက်ပဲ၊ နောက်ဆက်တွဲ မသိရသေးဘူး။”
တိုက်ခိုက်မှုအပြီးမှာ God's Hand Force တပ်ဖွဲ့ဝင်တွေ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကာ အခုစစ်ဆင်ရေးက Yangon UG Association (YUA) ရဲ့ အသက်လျော်ကြေး စစ်ဆင်ရေးရဲ့ တစိတ်တဒေသဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကျင်းပတဲ့ ပွဲတွေ၊ အခမ်းအနားတွေမှာ မပါဝင်ကြဖို့နဲ့ စစ်ကောင်စီနဲ့ ပတ်သက်ရာ ဌာနတွေနဲ့ ဝေးဝေးနေကြဖို့ မေတ္တာရပ်ခံထားကာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကလည်း မင်္ဂလာဒုံကားဝင်းနားက စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းဂိတ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ကာ ရဲနှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။