close

စစ်တပ် ပစ်ခတ်မှု

close

April 20, 2023

မတ္တရာမြို့နယ် ရုန်းပင်ကျေးရွာကို စစ်တပ်က စီးနင်းပစ်ခတ်၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ အထက်တောင်ကိုင်းအုပ်စု၊ ရုန်းပင်ကျေးရွာကို စစ်ကောင်စီက ဧပြီ ၂၀ ရက် မနက်အစောပိုင်း ၅ နာရီကျော်လောက်က ဝင်ရောက်စီးနင်းပစ်ခတ်တာကြောင့် အမျိုးသမီးတဦး ကျည်ထိမှန်ဒဏ်ရာ ရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာ‌ကျေးရွာအနီးကနေ အင်အား ၃၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ ဒေသတွင်း စစ်ရေးစောင့်ကြည့်နေတဲ့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအမျိုးသားတဦးက “ပထမ ဒီကောင်တွေ မြကန်ကျေးရွာရဲ့အရှေ့ဘက် သရက်ကိုင်းကျေးရွာမှာရှိတဲ့ မြင့်ကုမ္ပဏီ အယ်လ်ဖာ ဘိလပ်မြေစက်ရုံအစောင့်ကျတဲ့ (--)တွေပါ။ သူတို့က သရက်ကိုင်းရွာကနေ မြကန်ကျေးရွာကို ဖြတ်တယ်။ မြကန်ကျေးရွာကနေ မြောက်ဘက် တောင်ပုလု၊ ကင်းရွာက ဒေသအခေါ် ရေစိုတောင်ကိုဖြတ်ပြီး လယ်ကွင်းတွေထဲကနေ အခု ရုန်းပင်ကျေးရွာကို ဝင်ရောက်တယ်။ ဘာကြောင့် ဝင်ရောက်ရတာလဲတော့ မသိဘူး။ ကျနော်တို့နဲ့ မြေပြင်မှာလည်း ဘာတိုက်ပွဲမှ ဖြစ်သံမကြားဘဲကို အခုလို ရွာကို အနုကြမ်းစီးသလို ဝင်ရောက်စီးနင်းပိတ်ဆို့ ဖမ်းဆီးတာဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက် ၃၀ ကျော် အမျိုးသမီးတဦး ကျည်ထိမှန်ခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားရှိလို့ အဲဒီအမျိုးသမီးကို ဆေးကုသနိုင်ဖို့ ‌အချင်းချင်း ကူညီပေးဖို့ လုပ်နေတယ်လို့ သိရပါတယ်။

အခု စစ်ကောင်စီ ဝင်ရောက်တဲ့ ရုန်းပင်ရွာဟာ အိမ်ခြေ ၂၅၀ ကျော်ရှိတဲ့ ကျေးရွာတရွာလည်း ဖြစ်ပြီး ဒေသခံအနည်းစုသာ စစ်ကြောင်းရှောင်နိုင်ခဲ့ပြီး ရွာသားအများစုကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံနေရတာလည်းဖြစ်ပါတယ်။

10 mins Ago

December 12, 2021

စစ်တပ် ပစ်ခတ်မှုကြောင့် ရေစကြိုပြည်သူတစ်ဦး အပြင်းအထန်ဒဏ်ရာရ

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဒီဇင်ဘာ ၁၁ ရက်ညမှာ စစ်ကောင်စီတပ်သားတွေက ပြည်သူ တစ်ယောက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇီးတော နဲ့ သဲပုံရွာချင်းဆက်လမ်းမှာ မနေ့ည ၉ နာရီကျော်လောက်က ထွန်စက်မောင်းပြီး ပြန်လာတဲ့ သဲပုံရွာက ကိုသက်ဝေကို ဇီးတောရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ၁၀ ချက်လောက်ပစ်ခတ်ရာ သေနတ်ကျည် ၂ ချက်ထိမှန်ပြီး အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်အုပ်စုတွေ ကင်းပတ်နေတဲ့ အချိန်မှာ တွေလို့ အပစ်ခံလိုက်ရတာ။ ကိုသက်ဝေရဲ့ ကျောကုန်းကို သေနတ်ကျည်တစ်ချက် ရှပ်ထိပြီးတော့ လက်မောင်းကတော့ ထုချင်းပေါက်ထွက်သွားတယ်။ သူ့ကိုတော့ နီးစပ်ရာ ကျန်းမာရေး ဝန်ထမ်း တစ်ယောက်နဲ့ ဆေးကုသပေးနေတယ်။” 

စစ်သား အင်အား ၂၀ လောက်ဟာ ဇီးတောကျေးရွာစာသင်ကျောင်းမှာ တပ်စွဲထားပြီး နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာကြောင့် ပြည်သူတွေ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ်ထဲကို စစ်အုပ်စုတွေဟာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး နေအိမ်တွေ၊ ဆိုင်ကယ်တွေနဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးနေသလို  ပြည်သူတွေကိုလည်း ပစ်ခတ်ဖမ်းဆီး သတ်ဖြတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

1 year Ago
Up