မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၅၀၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၂,၂၁၁ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ မေ ၁၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၉၁၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၅,၈၉၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၂ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၄,၂၉၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၁၀ ရက် မနက် ၁၀ နာရီကနေ ညနေ ၅ နာရီလောက်အထိ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် အဆိုပါစစ်အုပ်စု စစ်ကြောင်းက ညောင်ပင်သာကျေးရွာက အသက် ၁၈ နှစ်နဲ့အောက် ကလေး ၆ ယောက် အပါအဝင် အရပ်သား ၁၈ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို စုပုံပြီးတော့ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့က အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးခံထားရတဲ့ ကလေး ပင်မသပိတ်အဖွဲ့ဝင် ၄ ယောက်ဖြစ်ကြတဲ့ ကိုသန်းစိုးဦး၊ မကျင်ဒိတ်ကင်၊ မနှင်းစံနဲ့ ကိုမျိုးကိုဝင်း တို့ကို ပြီးခဲ့တဲ့ မေ ၁၀ ရက်မှာ မြို့နယ်တရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ ၄ ယောက်ကို ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်နေချိန် အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားခဲ့တာလို့ အေအေပီပီက ပြောပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။
မေ ၁၁ မနေ့က တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ဖွဲ့ဝင်အယောက် ၄၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက် တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၁၁ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါ တယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲမှာတော့ မိုင်းရှင်း လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပြီး ရေဦးမြို့နယ်မှာတော့ စစ်ကောင်စီနဲ့ ပျူစောထီးအထိုင်စခန်းကို PDF တို့က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ခင်ဦးမြို့နယ်မှာလည်း စစ်ကောင်စီ တပ် တွေနဲ့ PDF တို့ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို မြင်းမူမြို့နယ်မှာတော့ စစ်ကောင်စီတပ်ယာဉ်တန်းကို PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေက ဒေသခံတွေကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ကြပြီး စလင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ PDF တို့ကြား အပြန် အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို PDF တို့က ဒရုန်းနဲ့ ဗုံးကြဲခဲ့ကြတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန် မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက် ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က မေ ၁၂ ရက် မနက်က လေကြောင်းကနေ ၈ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်ထံက သိရပါတယ်။
ဒေသခံအမျိုးသားတဦးက “မော်လိုက်မြို့နယ် တွန်ပင်ရွာမှာလည်း ထိတွေ့တိုက်ပွဲ ဖြစ်နေပါတယ်။ အရှေ့ဘက်ကမ်းတလျှောက် တံတားဦးလေဆိပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲနေတာ ဒီနေ့မနက်ပိုင်းမှာ ၈ ကြိမ်ရှိပါပြီ။ အထိအခိုက်ကတော့ မသိရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
ထော်သာကျေးရွာကိုလည်း မန္တလေး တံတားဦးဘက်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲချခဲ့တယ်။
အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်နေတာကြောင့် စခ၊ ရခ၊ ပျူခတွေရဲ့ အနီးအနားမှာ မနေကြဖို့နဲ့ ဗုံးပေါက်ကွဲသံ ကြားရင်လည်း သွားမကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။
တော်လှန်ရေးအဖွဲ့က “ပြည်သူ့ရဲဘော်တွေ လုပ်ကိုင်ရ ကျပ်ပါတယ်၊ ခင်ဗျားတို့ကြည့်နေတော့ ဆုံးရှုံးတာတွေ ဖြစ်ရပါတယ်၊ စခတွေဘက်က မဲမဲမြင်ရာ ဖမ်းဆီးရိုက်နှက်ပြီး လူသားဒိုင်းတွေ လုပ်ကြတာမို့ ဝေးဝေးနေကြပါ”လို့ အသိပေး ပြောဆိုခဲ့ပါတယ်။
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာက ဖမ်းဝရမ်းထုတ်ခံရတဲ့ အမျိုးသားတယောက်ကို စစ်ကောင်စီတပ်က မေ ၁၁ ရက် ညနေပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
ပစ်သတ်ခံရသူဟာ အသက် ၄၀ ခန့်ရှိ ကိုတင်ရှိန်ဖြစ်ပြီး သူ့ရဲ့ဇနီးလောင်းဖြစ်သူနဲ့ ညောင်ဇင်ကျေးရွာမှာ မေ ၁၀ ရက် မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတာပါ။
ရွာခံလူငယ်တဦးကတော့ ကိုတင်ရှိန်ဟာ အကြမ်းဖက်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပြီး မင်္ဂလာဆောင်အတွက် စီစဥ်စရာရှိလို့ သွားရင်းကနေ ဖမ်းဆီးခံခဲ့ရတာလို့ ပြောပါတယ်။
“သူက PDF တွေနဲ့တွဲပြီး ဝရမ်းထုတ်ခံထားရတာ။ မင်္ဂလာဆောင်ကလည်း ရက်ပိုင်းအတွင်းမှာပဲ။ ပစ်သတ်တာကတော့ အိမ်ပြန်ခေါ်လာပြီးမှ ပစ်သတ်တာ။ မပစ်သတ်ခင်ကတည်းက ရိုက်ခံထားရလို့ လူက သွေးအန်နေပြီ။”
မေ ၁၀ ရက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကိုတင်ရှိန်ကို ထားဝယ်မြို့ဆီ ခေါ်ဆောင်စစ်ဆေးပြီးမှ နောက်တရက် ညနေ ၅ နာရီလောက်မှာ နေအိမ်ကို ပြန်ခေါ်လာပြီး အိမ်ရှေ့မှာ ပစ်သတ်ခဲ့တာပါ။
ကား ၃ စီးနဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကိုတင်ရှိန်ကို ပစ်မသတ်ခင် သူ့မိသားစုဝင်တွေဆီက ပိုက်ဆံ သိန်း ၅၀ တောင်းခဲ့သေးတယ်လို့ သိရပါတယ်။
ရန်တောင်ရွာခံတဦးက “တောင်းတာက ကိုတင်ရှိန်အတွက်လား၊ သူ့ဇနီးလောင်းအတွက်လားဆိုတာ မသိရဘူး။ ပိုက်ဆံတော့ ပေးလိုက်ရတယ်” လို့ ပြောပါတယ်။
ကိုတင်ရှိန်ရဲ့ မိသားစုနဲ့ နီးစပ်တဲ့ တခြားရွာခံတဦးကတော့ စစ်ကောင်စီတပ်တွေဟာ နေအိမ်ထဲလည်း ထပ်မံဝင်ရောက်ရှာဖွေပြီး ပိုက်ဆံ သိန်း ၁၀၀ ကျော်နဲ့ ရွှေ ၁၆ ကျပ်သား ယူသွားတယ်လို့ ပြောပေမဲ့ ကာယကံရှင် မိသားစုဝင်တွေဆီကနေ အတည်ပြုချက် မရရှိသေးပါဘူး။
ထားဝယ်မြို့နဲ့ ၆ မိုင်လောက်သာဝေးပြီး ရန်တောင်ရွာနဲ့ ကပ်လျက်ရှိတဲ့ ညောင်ဇင်ကျေးရွာထဲကို မေ ၁၀ ရက် မနက် ၆ နာရီလောက်မှာ မြေသယ်ကားနှစ်စီး၊ ကားငယ်သုံးစီးနဲ့ ရောက်လာခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင် ၁၀၀ ခန့်ဟာ ကိုတင်ရှိန်တို့ ဇနီးမောင်နှံအပြင် အသက် ၂၅ နှစ်ဝန်းကျင် လူငယ်နှစ်ဦးနဲ့ အသက် ၆၀ ခန့်ရှိ အမျိုးသမီးတဦးကိုလည်း ဖမ်းဆီးသွားခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ နေအိမ်တွေထဲ ဝင်ရောက်ရှာဖွေပြီး ပိုက်ဆံနဲ့ ရွှေထည်တချို့ကိုလည်း ယူသွားတယ်လို့ ညောင်ဇင်ရွာခံ လူငယ်အမျိုးသားတဦးက ပြောပါတယ်။
“စဖမ်းတာက ၅၀ ကျော်တယ်။ တွေ့သမျှလူ ဖမ်းတာ။ အဲဒီလူတွေဆီကလည်း လက်ဝတ်လက်စားတွေ အကုန်ယူသွားတယ်။ အိမ်တွေထဲဝင်ရှာပြီး ယူသွားတာရောဆို သိန်း ၁,၀၀၀ ကျော်တယ်။ ကျနော့်အသိ အိမ်နှစ်အိမ်ကတောင် သိန်း ၅၀၀ ကျော်ဖိုးလောက် ပါသွားတာ။ ညနေ သူတို့ပြန်တော့ သူတို့ဖမ်းမယ့်စာရင်းထဲ ပါတဲ့သူတွေပဲ ခေါ်သွားတယ်။ ကျန်တဲ့ရွာခံတွေကိုတော့ ပြန်လွှတ်ခဲ့တယ်။”
ကိုတင်ရှိန်ရဲ့ ဇနီးလောင်း အပါအဝင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့သူတွေကတော့ ဒီကနေ့ မေ ၁၂ ရက်အထိ ပြန်မလွတ်လာသေးပါဘူး။
၂၀၂၂ ခုနှစ် စက်တင်ဘာ ၉ ရက် ညကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ကျော်ဟာ ညောင်ဇင်ကျေးရွာထဲက လူနေအိမ်တချို့ကို သေနတ်နဲ့ပစ်ခတ်ကာ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ပြီး ဖုန်း၊ ပိုက်ဆံနဲ့ ရွှေထည်တချို့ကို ယူဆောင်သွားခဲ့ပါသေးတယ်။
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာမှာ မေ ၁၀ ရက် မနက်က စစ်ကောင်စီတပ်က ကလေးငယ် ၇ ဦး အပါအဝင် ဒေသခံပြည်သူ ၁၈ ဦးကို အစုလိုက် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၁၀ နာရီလောက်က ကျောက်ကြီးမြို့နယ်နဲ့ ထန်းတပင်မြို့နယ်အစပ် ညောင်ပင်သာကျေးရွာ မြောက်ကမ်းအနီးမှာ နယ်မြေရှင်းလင်းရေးအတွက် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာတဲ့အပြင် PDF တွေကို လက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဒေသခံပြည်သူ ၁၈ ဦးကို မီးရှို့သတ်ဖြတ်ခဲ့တာပါ။
ဒေသခံတဦးက “အမှန်မှန်က ရွာသားတွေကို အပြစ်လုပ်ပြောတာ။ PDF ကို ရွာသားလက်ခံထားတယ်လို့ သူတို့မြင်တယ်။ အမှန်မှာတော့ ရွာသားကတော့ ဘယ်လက်ခံမတုန်း။ ဘယ်အဖွဲ့အစည်းမှ လက်မခံဘူး။ ဒါကို အဖွဲ့အစည်းဆိုတာက လာချင်တဲ့အဖွဲ့အစည်းက လာတာပဲလေ” လို့ ပြောပါတယ်။
ဒေသခံပြည်သူ ၁၈ ဦးကို မီးရှို့သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။
တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာ၊ အပြစ်မဲ့ပြည်သူတွေကို မီးရှို့သတ်ဖြတ်တာ၊ လေကြောင်းကနေ စောင့်ကြည့်ပျံသန်းနေတဲ့အတွက် ညောင်ပင်သာ၊ ဘုမ္မတီး၊ ကျွဲလမ်း၊ သရက်တန်း၊ ကြို့ပင်သာ၊ လက်လာကူ၊ ကျောက်ကြီးပေါင်း၊ သပြေညွန့် စတဲ့ အနီးအနားကျေးရွာက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
မေ ၉ ရက် မနက် ၅ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်တွေက ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်၊ ပိုးလိုနိုဖိုးကျေးရွာက နေအိမ် ၂ လုံး၊ လယ်ဝိုင်းကြီးကျေးရွာက နေအိမ် ၄၂ လုံး (ရွာလုံးကျွတ်)၊ စာသင်ကျောင်း ၁ ကျောင်း၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၊ မူကြိုကျောင်းနဲ့ ကျေးရွာသားပိုင် အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးအရှေ့ဘက်ကမ်း ဘုမ္မတီးရွာ၊ ကျွဲလမ်းရွာ၊ သရက်တန်း၊ ကြို့ပင်သာရွာတွေကို မေ ၂ ရက် ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီရဲ့ တောင်ငူလေတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၅ ဦး ထိမှန်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။