ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ကနေ မလေးရှားနိုင်ငံကို တရားမဝင်သွားရောက်ရာမှ ဖမ်းဆီးခံရပြီး စစ်တွေမြို့မှာ ထောင်ဒဏ်ချခံထားရသူ ၁၆၆ ဦးကို ဧပြီ ၂၃ ရက် မနက်ပိုင်းက မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တို့ရှိ မူလနေရပ်ကို ပြန်ပို့လိုက်တယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ စစ်တွေ လဝက တာဝန်ရှိသူတဦးက "ဟုတ်တယ်။ သူတို့ကို သက်ဆိုင်ရာ မြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံမှတစ်ဆင့် မိဘ၊ ဆွေမျိုးတွေထံ လွှဲပေးပြီး သူတို့ရဲ့ မူလနေထိုင်ခဲ့ရာနေရပ်ကိုပြန်ပို့ပေးမှာ ဖြစ်တယ်” လို့ ပြောပါတယ်။
သူတို့ဟာ စစ်ကောင်စီ လွတ်ငြိမ်းခွင့်နဲ့ ဧပြီ ၁၇ ရက်နေ့က အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာကြသူများဖြစ်ကြပြီး ဘူးသီးတောင်က ကျား ၁၃ ဦးနဲ့ မ ၂၂ ဦး၊ မောင်တောမြို့နယ်က ကျား ၂၅ ဦး၊ မ ၁၀၆ ဦး စုစုပေါင်း ၁၆၆ ဦးတို့ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က မောင်တောခရိုင်အပြင် အခြားခရိုင်တွေကနေ မလေးရှားနိုင်ကို တရားမဝင်သွား ရောက်ရာကနေ ဖမ်းဆီးရမိတဲ့သူတွေကိုလည်း သူတို့ရဲ့ မူလနေရာအသီးသီးသို့ ပို့ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
ဖမ်းမိသူတွေကို မောင်တောခရိုင် လူကုန်ကူးတားဆီးရေးက အသေးစိတ်စစ်ဆေးမှုတွေပြုလုပ်ပြီး လူကုန်ကူးသူတွေအား ဖော်ထုတ် အရေးယူသွားမယ်လို့ ဆိုပါတယ်။
မောင်တောခရိုင်လူကုန်ကူးတားဆီးနှိမ်နင်းရေးအဖွဲ့ အရာရှိတဦးက "သူတို့ကို စစ်ဆေးရင်လည်း ဘယ်သူကို ငွေပေးပြီး သွားတယ်ဆိုတာ အတိအကျမ ပြောကြဘူး။ လူကုန်ကူးတဲ့သူတွေက သူတို့အထဲမှာကို ပါဝင်နေကြတာတွေရှိတယ်။ အသေးစိတ်စစ်ဆေး ဖော်ထုတ်ရမှာ" လို့ ပြောပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် ထောင်ချခံထားရသူ ၂၇ ဦးကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ ထောင်ချခံထားရတဲ့ မိသားစုထံက သိရပါတယ်။
အဆိုပါ အကျဉ်းသားတွေဟာ ဧပြီ ၅ ရက်က မြို့နယ်တရားရုံးက နောက်ဆုံး အမိန့်ချထားသူတွေပါဝင်ပြီး စစ်တွေထောင်ကိုတော့ ဧပြီ ၇ ရက်မှာ ရောက်ရှိသွားတာ လို့ ဆိုပါတယ်။
ပုဒ်မ ၅၀၅ တပ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတွေဖြစ်ပြီး ဘာသက်သေ အထောက်အထားမှမရှိပဲ အခုလို ပြစ်ဒဏ်ချမှတ်ခဲ့ရတာလို့ အကျဉ်းသား မိသားစုဝင်တစ်ဦးက ပြောပါတယ်။
အဆိုပါ ၂၇ ဦးထဲက တချို့က ပြီးခဲ့တဲ့နှစ် မေ ၂၈ ရက်က ပလက်ဝမြို့ပေါ် ဗုံးပေါက်ကွဲမှာဖြစ်စဉ်နဲ့ ပတ်သက်ပြီး သံသယရှိတယ်လို့ဆိုကာ ဖမ်းဆီးခံထားရသူ ၄ ဦး ၊ သတင်းမီဒီယာကို အင်တာဗျူးဖြေဆိုလို့ ဖမ်းခံထားရသူ ၁ ဦး ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ CDF ကို ထောက်ပံ့တယ်လို့ဆိုကာ စွပ်စွဲခံရသူ ၁၉ ဦးနဲ့ ကျန် ၃ ဦးကတော့ တခြားအမှုတွေဖြစ်တယ်လို့လည်း သိရပါတယ်။