close

စစ်တွေအုပ်ချုပ်ရေးမှူး

close

February 27, 2023

စစ်ခေါင်းဆောင်ကိုသွားကြိုသည့် စစ်တွေအုပ်ချုပ်ရေးမှူး၏ကား ဓာတ်တိုင်ဝင်တိုက်၊ အန်အယ်လ်ဒီ အုပ်ချုပ်ရေးမကောင်းသဖြင့် နိုင်ငံမတိုးတက်ဟု စစ်ခေါင်းဆောင်ဝေဖန်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကိုရောက်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ကို သွားရောက်ကြိုဆိုတဲ့ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ကားဟာ လမ်းဘေး လျှပ်စစ်ဓာတ်မီးတိုင်ကို ဝင်တိုက်မှု  ဖြစ်ပွားခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ်  ၂ နာရီလောက် ရခိုင်ပြည်နယ်ကို ရောက်လာတဲ့ စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သွားကြိုဆိုတဲ့ စစ်တွမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ရဲ့ကားဟာ  ရဲနွယ်ရပ်ကွက်ရှိ  စစ်တွေမြို့လမ်းမကြီးဘေး ဓါတ်မီးတိုင်ကို ဝင်တိုက်ခဲ့လို့  ဓာတ်တိုင်လဲကျသွားခဲ့တယ်လို့ တိုင်လဲကျသွားတယ်လို့ စစ်တွေလျှပ်စစ်ရုံး တာဝန်ရှိသူတဦးကပြောပါတယ်။

"မင်းအောင်လှိုင်ရောက်မယ်ဆိုတော့ သူ့ကားနဲ့ သူသွားတာ ဒရိုင်ဘာ ခေါ်မသွားဘူး။ ဖုန်းဝင်လာတော့ ဖုန်းလက်ခံပြောရင်း၊ လမ်းလယ်ကလျှပ်စစ်မီးတိုင်ကို ဝင်တိုက်မိသွားတာ။ လူတော့ဘာမှ မဖြစ်ဘူး။ ကားလည်းအနည်းငယ်ပျက်စီးသွားတယ်။ လျှပ်စစ်မီးတိုင်ကတော့ လဲကျသွားတယ်။"

အခုလို ကားမောင်းရင်း စည်းမဲ့ကမ်းမဲ့ ဖုန်းပြောလို့ ယာဉ်တိုက်မှုဖြစ်ပြီး ပြည်သူပိုင်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးသွားပေမဲ့  အပြစ်ကျူးလွန်သူဟာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်နေလို့ အရေးယူခံရတာတော့ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

"သာမန်အရပ်သားဆို ထိရောက်စွာအရေးယူမှာပါ။ သူတို့ဌာနဆိုင်ရာအချင်းချင်းဆိုတော့ ဘာပြဿနာမှမရှိခဲ့ပါဘူး။ ထိခိုက်မူလည်းမရှိဘူး။ လျှပ်စစ်ဓာတ်တိုင်တော့လုံးဝလဲပြိုသွားတာ” လို့ မျက်မြင်ဒေသခံ  တဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်ကည်း စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သစ် ဦးထိန်လင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ လိုက်ပါလာတဲ့ကား စစ်တွေမြို့ အမှတ်(၁) အထက်တန်းကျောင်းအလွန်မှာ ဘရိတ်ပေါက်လို့  အနီးနားက  ဒေသခံတွေ စစ်ဆေးခံခဲ့ရပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဖေဖော်ဝါရီ ၂၇ ရက် ဒီမနက်ပိုင်း စစ်တွေ ဦးဥတ္တမခန်းမမှာ ရခိုင်ဒေသရှိ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေဆုံဖို့ရှိတယ်လို့ ပြည်နယ်ကောင်စီ တာဝန်ရှိသူတဦးက  ပြောပါတယ်။

ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တဦးက "တွေ့ဆုံပွဲတက်ဖို့ ဝင်ခွင့်ကတ်တွေ ထုတ်ပေးထားတယ်။ ဦးဥတ္တမခန်းမမှာလို့တော့ ပြောတယ်။ အခြေအနေအရ အစိုးရဧည့်ရိပ်သာမှာလည်း ဖြစ်သွားနိုင်တယ်"လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်နဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ ဖေဖော်ဝါရီ ၂၆ ရက်က စစ်တွေမြို့သို့ ရောက်ရှိလာကြရာမှာ စစ်ဘက်ရေးရာအရာရှိတွေ များစွာပါဝင်တယ်လို့ စစ်ဖက်ရေးရာ အရာရှိတဦးက  ပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ မနေ့ မွန်းလွဲပိုင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေကို  နယ်မြေခံတပ်နယ်ခန်းမမှာ သွားရောက်တွေ့ဆုံပြီး စစ်စည်းကမ်းနဲ့ အမိန့်နာခံမှု ကောင်းမွန်ကြဖို့ ပြောပါတယ်။

ဒါ့အပြင် ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလမှာ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေး ဆိုင်ရာ အားနည်းချက်များရှိခဲ့လို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုဖြစ်သင့်သလောက် မဖြစ်ခဲ့ဖူးလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ခရီးစဉ်ကာလ စစ်တွေမှာလုံခြုံရေးတင်းကျပ်ထားပြီး စစ်ခေါင်းဆောင်ကတော့  စစ်တွေမြို့တွင်းရှိ အစိုးရအဖွဲ့ရုံး ဧည့်ရိပ်သာမှာ တည်းခိုခြင်းမရှိဘဲ စစ်တွေ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)သို့ ထွက်ခွါသွားပြီး ပြည်ထောင်စုဝန်ကြီးတွေကတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဧည်ရိပ်သာမှာ တည်းခိုနေကြပါတယ်။

31 mins Ago
Up