close

စစ်တွေ ယာယီပျံကျဈေး

close

June 3, 2022

ကျပ်သိန်းထောင်ချီအကုန်ကျခံ ဆောက်ထားသည့် စစ်တွေယာယီပျံကျစျေး ရေနစ်မြုပ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ကိုရီးယားဆိပ်ကမ်း (BXT) အနီး ကျပ်သိန်းပေါင်းထောင်ချီ အကုန်ကျခံ အသစ်ဆောက်ထားတဲ့ ယာယီပျံကျစျေးကြီးမှာ ဇွန် ၃ ရက် မနက်ပိုင်းက ရေ ၁ ပေခွဲလောက်အထိ နစ်မြုပ်ခဲ့တယ်လို့ စျေးရောင်းချနေသူတွေက ပြောပါတယ်။

စျေးရောင်းသူတဦးက “ရေစီးရေလာစနစ်တွေ မကောင်း၊ ရေက မစီးဆင်းနိုင်တော့ ရေနစ်တာပေါ့။ အိမ်သာမှာက ရေမြောင်းကလည်း တိုက်ရိုက် မြစ်ထဲကိုမချဘူး။ စျေးပတ်လည်လုပ်ထားတဲ့ ရေမြောင်းကနေ ချထားတော့ အနံ့အသက်တွေက ဆိုးတယ်။ ခြင်ကိုက်လို့ ထိုင်နေလို့တောင် မရဘူး။ စျေးလာဝယ်သူတွေလည်း နည်းလာတယ်”လို့ ပြောပါတယ်။

အခုလို ရေနစ်မြုပ်ရတာဟာ ဈေးမှာပြုလုပ်ထားတဲ့ ရေစီး၊ ရေဆင်းမြောင်းတွေ မကောင်းတာကြောင့် ဖြစ်သလို မိလ္လာရေတွေကြောင့် အနံ့ဆိုးတွေထွက်နေတယ်လို့ စျေးရောင်းချနေသူတွေ အခက်တွေ့နေကြတာပါ။

ပြီးခဲ့တဲ့လကလည်း အဲဒီယာယီစျေးရှိ ခေါင်မိုးရေဆင်းပိုက်မှ မိုးရေတွေ ဒလဟောစီးပြီး ဆိုင်ခန်းအောက် ပစ္စည်းသိုလှောင်ခန်းတွေထဲ ရေတွေဝင်ကုန်လို့ ဈေးသည်တွေရဲ့ ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ပါသေးတယ်။

စျေးသည်တဦးက “မိုးယိုတာကိုတော့ လာပြင်ပေးတယ်။ ဒါပေမဲ့ နောက်ထပ်မိုးယိုသလား ဆိုတာကို ဒီနေ့အထိ လာမကြည့်ဘူး။ မိုးက ယိုနေဆဲ။ အခု ရေက နစ်မြုပ်လာတော့ ဒီစျေးမှာ ဘယ်လိုရောင်းချရမလဲ မသိတော့ပါ” လို့ ဆိုပါတယ်။

ယာယီပျံကျစျေးကို အဆောင်အတွဲ ၁၀ တွဲနဲ့ တည်ဆောက်ထားပြီး ၆ ပေပတ်လည်ဆိုင်ခန်း ၅၇၆ ခန်းရှိကြောင်း စျေးကော်မတီဝင်တွေထံက သိရပါတယ်။

Photo-Thein Shwe Moe

4 mins Ago

May 2, 2022

သိန်းထောင်ချီ ကုန်ကျခံဆောက်ထားသည့် စစ်တွေယာယီပျံကျစျေး တနှစ်မပြည့်မီ ခေါင်မိုးများ ပျက်စီးမိုးယို

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်း (BXT) အနီးမှာ သိန်းပေါင်းထောင်ချီ အကုန်ကျခံ အသစ်တည်ဆောက်ထားတဲ့ ယာယီပျံကျစျေးကြီးမှာ တနှစ်မပြည့်မီ ခေါင်မိုးအဆက်တွေ ပျက်စီးမိုးယိုလာတယ်လို့ စျေးသူစျေးသားတွေက ပြောပါတယ်။

“ဟုတ်ပါတယ်။ ဒီနေ့ မနက်က မိုးရွာလာတော အခေါက်မိုး အဆက်တွေက ရေတွေ တရဟော ဆင်းလာပြီး စျေးဆိုင်အောက်က အထည်တွေထားတဲ့နေရာတွေပါ ရေနစ်မြုပ်သွားတာ။ အသစ်ဆောက်ထားတာ တနှစ်တောင် မပြည့်သေးဘူး။ ဆောက်လုပ်တာ ခိုင်ခံ့မှုမရှိလို့ပါ” လို့ အထည်ဆိုင်သည်တဦးက ပြောပါတယ်။

မိုးရေတွေ ဆိုင်ခန်းအောက် ပစ္စည်းသိုလှောင်ခန်းတွေကို ဝင်ရောက်တာကြောင့် ကုန်ပစ္စည်း ပျက်စီးဆုံးရှုံးမှုတွေ ရှိနေပြီး ဈေးရောင်းချသူတွေ အခက်တွေ့နေကြရတယ်လို့ ဆိုပါတယ်။

အဆိုပါယာယီပျံကျစျေးမှာ စစ်တွေ မြို့မစျေးကြီးပတ်လည်ရှိ ယာယိမ်တည်ဆောက် ရောင်းချထားတဲ့ စျေးဆိုင်ဆိုင်ခန်းတွေကို ၂၀၂၁ ခုနှစ် ဇူလိုင်မှာ ပြောင်းရွှေ့နေရာချထားခဲ့တာလည်း ဖြစ်ပါတယ်။

“ကျမတို့က အရင်စျေးကြီးနဲ့ တွဲပြီးရောင်းချနေခဲ့တဲ့ ဆိုင်ခန်းတွေက စည်ပင်ကနေ သိန်း ၄၀ ပေး ဝယ်ယူခဲ့ကြရတာ။ အခု ပျံကျစျေးက စျေးဆိုင်ခန်းအတွက်လည်း ဆိုင်ခန်းတခန်းကို သိန်း ၂၀ ပေးသွင်းခဲ့ကြရတယ်” လို့ ယာယီပျံကျစျေးဆိုင်သည်တဦးက ပြောပါတယ်။

မိုးရေယိုစိမ့်နေတာကို လက်ရှိအချိန်အထိ ပြုပြင်ပေးခြင်းမရှိသေးဘဲ့ ခေါင်မိုးအပေါက်တွေ ဖြစ်နေတာကိုတော့ ဓာတ်ပုံမှတ်တမ်း ရိုက်ယူသွားတယ်လို့ ဈေးသည်တွေ ပြောပါတယ်။

အခုလို မိုးယိုနေတာနဲ့ပတ်သက်ပြီး ဈေစည်ပင်သာယာရေးအဖွဲ့အား ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

ယာယီပျံကျစျေးကို အဆောင်အတွဲ ၆ တွဲနဲ့ တည်ဆောက်ထားပြီး  ၆ ပေပတ်လည်ဆိုင်ခန်း ၂၂၀ ကျော်ရှိတယ်လို့ စျေးသူစျေးသားတွေဆီက သိရပါတယ်။

1 month Ago
Up