ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) ဟာ အရှေ့မြောက်ဘက်ဆီ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၄၅ မိုင်လောက်နဲ့ စစ်တွေမြို့ရဲ့ တောင်-အနောက်တောင်ဘက်ရေမိုင် ၃၁၀ လောက်အကွာမှာ ရောက်ရှိနေတယ်လို့ စစ်ကောင်စီ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဒါဟာ ဒီကနေ့ မေ ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ နောက်ဆုံး ထုတ်ပြန်ထားတာဖြစ်ပြီး အဆိုပါ မုန်တိုင်းဟာ ဟိုင်းကြီးကျွန်းမြို့ကနေ အနောက် ဘက်ရေမိုင် ၂၇၅ မိုင်လောက်နဲ့ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားရဲ့ အနောက်မြောက်ဘက် ရေမိုင် ၃၂၀ လောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေ မိုင် ၃၅၅ မိုင်လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာတော့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးရာကနေ လှိုင်းအလွန်ကြီးမယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေကတော့ ၁ နာရီကို မိုင် ၉၀ ကနေ ၁၁၀ လောက်အထိ တိုက်ခတ်နိုင်ပြီးတော့ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက် နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။
မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင်လေကတော့ ၁ နာရီကို မိုင် ၄၀ ကနေ ၄၅ မိုင် လောက်အထိ တိုက်ခတ်နိုင်ပြီးတော့ လှိုင်းအမြင့်ဟာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၄ ပေကနေ ၁၈ ပေလောက်နဲ့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ ၉ ပေကနေ ၁၃ ပေလောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင် လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာတော့ တိမ်ထူထပ်နေတယ်လို့ ဖော် ပြပါတယ်။
မနက်ဖြန် မေ ၁၄ ရက် မနက်ပိုင်းအထိ ခန့်မှန်းချက်မှာတော့ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တွေမှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့ အပြားမိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊မ န္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင် ပြည်နယ်တွေမှာတော့ ဒေသအလိုက်နဲ့ ပဲခူးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တွေမှာ နေရာ ကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတွေက ဆိုင်ကယ်နဲ့ သုံးဘီးတွေကို စည်းကမ်းမဲ့ ဖမ်းဆီးနေတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။
ဆိုင်ကယ်အဖမ်းခံရသူ လူငယ်တဦးက “ဦးထုပ်မဆောင်းလို့ ဖမ်းတယ်တဲ့။ ဥပဒေအရ ဖမ်းတာကို လက်ခံပါတယ်။ ဖမ်းရင် တမြို့လုံးကို ဖမ်းပေါ့ဗျာ။ အခုက သူတို့ဖမ်းချင်တဲ့အချိန် ဖမ်းတယ်။ ဖမ်းချင်တဲ့သူကို ဖမ်းတယ်။ လိုင်စင်စစ်တယ်။ စစ်တွေတမြို့လုံးမှာ လိုင်စင်မဲ့ဆိုင်ကယ် ၉၀ ရာခိုင်နှုန်းလောက်ရှိတယ်။ အဲ့ဒါတွေပါ ဖမ်းပေါ့။ အခုက စည်းကမ်းမဲ့ ဖမ်းဆီးနေကြတာ” လို့ ပြောပါတယ်။
စစ်တွေမြို့မှာ ယဥ်ထိန်းရဲတွေက ဧပြီ ၂၅ ရက် မနက်ပိုင်းက ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲအကူတပ်ဖွဲ့ရုံးရှေ့မှာ သွားနေကြတဲ့ ဦးထုပ်မဆောင်းတဲ့ ဆိုင်ကယ်တွေ၊ လိုင်စင်သက်တမ်းကုန်နဲ့ အမောင်းလိုင်စင်မရှိတဲ့ သုံးဘီးတွေကို တမြို့လုံးအနေအထားနဲ့ ဖမ်းဆီးခြင်းမရှိဘဲ စည်းကမ်းမဲ့ ဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။
တရားရုံးမှာ ဒဏ်ငွေဆောင်ခဲ့ရသူ သုံးဘီးသမားတဦးက “သုံးဘီးနဲ့ ဆိုင်ကယ်ဖမ်းတာ အစီး ၅၀ ကျော်လောက်ရှိမယ်။ တရားရုံးကိုတင်ပြီး ဒဏ်ရိုက်တာက ၆ ဦးပဲရှိတယ်။ ကျန်တာတွေကို ထပ်တင်မလား မတင်ဘူးလားတော့ မပြောတတ်ဘူး။ တရားရုံးမှာ ဒဏ်ငွေက ၂၀,၀၀၀ ပေးခဲ့ရတယ်။ ဒဏ်ငွေမဆောင်ရင် ထောင်ဒဏ် ၇ ရက် ချမယ်လို့ တရားသူကြီးက ပြောတယ်။ စာရေးကတော့ ဒီဒဏ်ငွေ ၂၀,၀၀၀ က သူတို့ယူမှာမဟုတ်ဘူးတဲ့၊ နိုင်ငံတော်ကို ပေးဆောင်ရတာလို့ ပြောတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်နဲ့ သုံးဘီးအစီးရေ ၅၀ ကျော်လောက်ရှိပေမဲ့ တရားရုံးမှာ မော်တော်ယာဥ်ဥပဒေပုဒ်မ-၈၇ နဲ့ ဒဏ်ငွေဆောင်ခံရသူ ၆ ဦးသာရှိပြီး ကျန်သုံးဘီးနဲ့ ဆိုင်ကယ်တွေကို တရားရုံးတင်တာ မရှိဘူးလို့ သုံးဘီးသမားတွေထံက သိရပါတယ်။