ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲ ရပ်တန့်ဖို့ ယူကရိန်းပြည်သူတိုင်း ဆန္ဒရှိကြတယ်လို့ ကွင်းလယ်လူ ဇင်ချန်ကိုက ပြောပါတယ်။
စကော့တလန်အသင်းကို အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလား ပလေးအော့ဖ်ခြေစစ်ပွဲစဉ်အပြီးမှာ ယူကရိန်းလက်ရွေးစင် ကစားသမားတဦးဖြစ်သူ ဇင်ချန်ကိုက ပြောလိုက်တာပါ။
ဇင်ချန်ကိုဟာ သတင်းစာရှင်းလင်းပွဲမှာ ယူကရိန်းမြေက စစ်ပွဲတွေအကြောင်း ပြောရင်း မျက်ရည်ကျခဲ့သလို အားလုံးက စစ်ပွဲရပ်တန့်ပြီး ငြိမ်းချမ်းရေးကို လိုလားကြောင်း ထည့်သွင်းပြောသွားခဲ့တာပါ။
ဒါပေမဲ့လည်း လက်ရှိအခြေအနေမှာ ရုရှားရဲ့ကျူးကျော်မှုဟာ အလွန်ဆိုးရွားပြီး အတူတကွ တိုက်ခိုက်သွားဖို့ လိုအပ်ကြောင်း၊ ယူကရိန်းကိုသွားပြီး ရှေ့တန်းကနေ အမိမြေကို ကာကွယ်ချင်ပေမဲ့ မိသားစုဝင်တွေဘက်ကတော့ ဘောလုံးကနေတဆင့် ကမ္ဘာကြီးကို သတင်းစကားပါးရတာ ပိုပြီးထိရောက်တာကြောင့် ယူကရိန်းအထိမလာဖို့ တိုက်တွန်းထားကြောင်း ဇင်ချန်ကိုက ပြောပါတယ်။
ယူကရိန်းအသင်းဟာ ကမ္ဘာ့ဖလားဝင်ခွင့် အဆုံးအဖြတ် ဗိုလ်လုပွဲစဉ်အနေနဲ့ ဇွန် ၅ ရက်မှာ ဝေးလ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာပါ။
ယူကရိန်းစစ်ပွဲက အသင်းသားတွေကြားကို တိုက်ရည်ခိုက်ရည်စိတ်တွေ ဖြစ်ပေါ်စေပြီး အသင်းအတွက် စိတ်ဓာတ်လှုံ့ဆော်မှုတွေ ပေးနိုင်ကြောင်းလည်း ဇင်ချန်ကိုက ပြောသွားပါတယ်။